Q&A (Questions & Answers)

ရာသီလာခြင်း

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

ရာသီလာခြင်း (ဓမ္မတာလာခြင်း)ဆိုတာ ဘာလဲ။

အမျိုးသမီးတယောက် အပျိုဖော်ဝင်ချိန်မှစပြီး သွေးဆုံးသည့်အချိန်အထိ (ကိုယ်ဝန်ဆောင်ချိန်မှအပ) လတိုင်း သွေးနှင့်အကျိအချွဲများ မိန်းမကိုယ်မှ ဆင်းလာတဲ့ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်ချိန်ကနေစပြီး သွေးဆုံးတဲ့အချိန်ထိ ခန္ဓာကိုယ်ထဲမှာ မမျိုးဥ(သားဥ)ဆိုတာလေးက တစ်လကို တစ်ခါ ကြွေပါတယ်။ သားဥအိမ်လေးမှ မမျိုးဥ(သားဥ) ကြွေလာခြင်းကို သားဥကြွေခြင်းလို့ ခေါ်ပါတယ်။ ထိုမျိုးဥလေးဟာ အဖိုသုက်ပိုးနဲ့ တွေ့ပြီး မျိုးပွားနိုင်ဖို့ သားဥပြွန်ထဲဆင်းလာပါတယ်။

ထိုအချိန်မှာပဲ မျိုးပွားစက်ဝန်းမှ ဟော်မုန်းများဟာ မျိုးအောင်ပြီးသွားသော သားဥလေး တွယ်ကပ်နိုင်စေဖို့ သားအိမ်နံရံအား ထူပေးထားပါတယ်။

တကယ်လို့ မ မျိုးဥဟာ အဖိုသုက်ပိုးနဲ့ မပေါင်းစပ်လိုက်ရလို့ မျိုးမအောင်ခဲ့ရင်တော့ မ မျိုးဥလေးဟာ ပျက်စီးသွားပါတယ်။ အဲ့လို မျိုးမအောင်တဲ့အခါမှာတော့ ခုနက အဆင်သင့် သန္ဓေတည်နိုင်အောင်လို့ ထူထားပေးတဲ့ သားအိမ်နံရံတွေကလည်း မလိုအပ်တော့တဲ့အတွက် ကွာကျဖို့စပြင်ပါတယ်။

မျိုးမအောင်လိုက်တဲ့ မျိုးဥဟာလည်း သားဥပြွန်၊ သားအိမ်၊ မိန်းမကိုယ် စသဖြင့် အဆင့်ဆင့်ကျော် ဖြတ်ကာ (၂ )ပတ် အကြာမှာ ကွာကျလာတဲ့ သားအိမ်နံရံ နှင့် အတူရာသီသွေးအဖြစ်ဆင်းတာဖြစ်ပါတယ်။

ဘယ်အသက်အရွယ်မှာ ဓမ္မတာစပေါ်တာလဲ။

မိန်းကလေးများ ဓမ္မတာစပေါ်တဲ့အချိန်ဟာ များသောအားဖြင့် အသက် (၁၂) နှစ်အရွယ်မှာ ဖြစ်တတ်ပါတယ်။

မိန်းကလေးတိုင်း ဒီအသက်အရွယ်မှာပဲ စပေါ်တာတော့ မဟုတ်ပါဘူး။ တဦးတယောက်ချင်းစီ မတူညီတာမို့ အကြမ်းအားဖြင့် အသက် (၈) နှစ်မှ (၁၅) နှစ်အတွင်းလို့ သတ်မှတ်လို့ရပါတယ်။

ဓမ္မတာရာသီစက်ဝန်းဆိုတာဘာလဲ။

ဒီလပထမဆုံးရာသီလာရက်ကနေ နောက်တစ်လရဲ့ ပထမဆုံးရာသီလာရက် ကြားကြာတဲ့ရက် ကို ဓမ္မတာရာသီ စက်ဝန်း တစ်ခုလို့သတ်မှတ်တာဖြစ်ပါတယ်။

ဓမ္မတာရာသီ စက်ဝန်းဟာ ဆိုရင်လဲ မိန်းကလေး တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ (၂၁) ရက် ကနေ (၃၅) ရက် အပိုင်းအခြားထိ ရှိတတ် ပါတယ်။

ဓမ္မတာတစ်ခါလာရင် ဘယ်နှရက်ကြာတတ်လဲ။

 (၂ )ရက် မှ (၇) ရက်ထိ ကြာနိုင်ပါတယ်။

ဘယ်အသက်အရွယ်မှာ သွေးဆုံးတတ်သလဲ။

သွေးဆုံးချိန်ကတော့ အမျိုးသမီး အသက် ၄၀ မှ ၅၀ အတွင်းမှာ အများအားဖြင့် ဖြစ်ပါတယ်။

ဓမ္မတာလာခါနီးအချိန်နဲ့ လာနေတဲ့ရက်တွေမှာ အမျိုးသမီးအများစု ဘာတွေခံစားရလေ့ရှိလဲ။
  • ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ ကြွက်သားတွေ နာကျင်ခြင်း၊
  • ခါးနာခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လေပွခြင်း
  • လေးလံထိုင်းမှိုင်းခြင်း၊ မောပန်းလွယ်ခြင်း၊ ဝမ်းနည်းစိတ်အားငယ်ခြင်း၊
  • စိတ်ပူပန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း
  • အာရုံစူးစိုက်မရခြင်း
  • အော့အန်ခြင်း
  • ဝမ်းချုပ်ခြင်း နဲ့ ဝမ်းသွားခြင်း
  • ရင်သားများရောင်ရမ်းခြင်း ၊နာကျင်ခြင်း
  • ဝက်ခြံထွက်ခြင်းများ ဖြစ်တတ်ပြီး
  • တချို့အမျိုးသမီးတွေဆိုရင် အိပ်ရာထဲကနေ မထနိုင်လောက်တဲ့အထိ နာကျင်ကိုက်ခဲမှုတွေကို ပြင်းထန်စွာ ခံစားရတတ်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်လို့ရလဲ။
  • အရည်များများသောက်ခြင်း၊ ရေနွေးပူပူ သောက်ပေးခြင်း၊
  • အသီးအနှံ အရွက်နှင့် အစေ့အစံများပါဝင်သော အစားအစာများ သင့်တင့်မျှတစွာ စားသုံးခြင်း
  • folic acid, vitamin B-6, calcium, နှင့် magnesium ပါဝင်သော ဖြည့်စွက်အားဆေးများသောက်ပေးခြင်း
  • Vit D ကို သဘာဝအတိုင်းမနက်ခင်းနေရောင်ခြည်မှ ရယူခြင်း
  • အိပ်ရေးဝဝ အိပ်ပေးခြင်း စသည့်တို့ ပြုလုပ်ခြင်းအားဖြင့် သက်သာစေပါတယ်
  • Paracetamol, Ibuprofen, Mefenamic acid လို အကိုက်အခဲပျောက်ဆေး တွေကလည်း နာကျင်မှုတွေသက်သာအောင် သောက်နိုင်ပါတယ်
  • ရေနွေးအိတ် သို့ ရေနွေးပုလင်း ကို အသုံးပြုပြီး ဗိုက်ကို ကပ်ပေးခြင်းဖြင့် ဗိုက်နာတာကို သက်သာစေ ပါတယ်။
ဓမ္မတာရာသီ သွေး အရောင် က ဘယ်လိုတွေရှိတာလဲ။

ဓမ္မတာရာသီ သွေး အရောင် ဟာ သွေးဆင်း တာ နဲတာများတာပေါ်ကိုမူတည်ပြီး အနီရဲရဲ အညို ရင့်ရင့် ကနေ အမဲရောင် စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ရာသီသွေးအရောင်မဲခြင်းဟာ သားအိမ်ထဲမှာ အဲ့ဒီးသွေးဟာ ကြာကြာရှိနေပြီး အောက်ဆီဂျင်နဲ့ ဓါတ်ပြုခြင်းကြောင့် သွေးအရောင် အနီကနေ အညို- အနီပုပ်- အမဲရောင် စသဖြင့်ဖြစ်လာခြင်းဖြစ်ပါတယ်။

ရာသီ လာချိန်တစ်ခုထဲမှာကို အမျိုးမျိုးဖြစ်နိုင်သလို တလနဲ့ တလ ရာသီလာချိန်တွေမှာလဲ အမျိုးမျိုး ပြောင်းလဲနေတတ်ပါတယ်။

ဘာကြောင့် ဖြစ်တာလဲ။

ဟော်မုန်းအပြောင်းအလဲများ၊ စားသောက်နေထိုင်မှုပုံစံ၊ အသက်အရွယ်၊ ပြင်ပပတ်ဝန်းကျင် စတာတွေပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။

သတိထားရမှာကတော့ မျိုးပွားလမ်းကြောင်းပိုးဝင်ခြင်း၊ ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါ စတာတွေမှာ သွေးဆင်းတဲ့ အရောင် ပြောင်းလဲတာ ၊ ပုံမှန်မဟုတ်တဲ့သွေးဆင်းတာတွေဖြစ်နိုင်ပါတယ်။

ပုံမှန်မဟုတ်ပဲ သွေးဆင်းရက်ကြာနေတာ များတာမျိုးရှိရင်ဆေးခန်းပြဖို့လိုပါတယ်။

ရာသီသွေး မှာ သွေးခဲတွေ ပါတတ်လား။

ပုံမှန်ရာသီသွေးမှာ သားအိမ်ရဲ့ အပေါ်ယံလွှာလေးတွေကြွေပြီး သွေးခဲအနေနဲ့ ဆင်းနိင်ပါတယ်။

ဒီလိုဆင်းတာမျိုးက စိတ်ပူစရာ မရှိပါဘူး။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!