Q&A (Questions & Answers)

သန္ဓေတား ထိုးဆေး

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

သန္ဓေတား ထိုးဆေးဆိုတာ ဘာလဲ။

သန္ဓေတားထိုးဆေး အနေနဲ့

၁။ ဒက်ပို မီဒေါက်စီ ပရိုဂျက်စတီရုန်း အက်စီးတိတ် (DMPA) နဲ့

၂။နော်အီတစ်စတီရုန်း အီနန်းတိတ် (NET-EN) ဆိုပြီး ဆေး၂ မျိုး ရှိပါတယ်။ မြန်မာပြည်မှာတော့  DMPA ဒက်ပို ထိုးဆေးကိုပဲ အသုံးပြုကြတာများပါတယ်။

ဒက်ပိုထိုးဆေးမှာ ဘာပါလဲ။

ဒီဆေးတွေမှာ လူ့ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်ပေးတဲ့ ပရိုဂျက်စတီရုန်းနဲ့ ဆင်တူတဲ့ ပရိုဂျက်စတင်ဆိုတဲ့ ဟော်မုန်းပါပါတယ်။

ဟော်မုန်းတစ်မျိုးတည်းပါတဲ့ထိုးဆေးဖြစ်လို့ ဘယ်လိုအားသာချက်တွေရှိလဲ။

အီစထိုဂျင်ဟော်မုန်းမပါတော့ နို့တိုက်မိခင်တွေ ကလေးမွေးပြီး ၆ ပတ်ဆိုတာနဲ့ ထိုးလို့ရပါတယ်။ အီစထိုဂျင်ဟော်မုန်း ပါတဲ့တားဆေးတွေ နဲ့ အဆင်မပြေသူတွေလဲ သုံးလို့ရပါတယ်။

သန္ဓေတားထိုးဆေးကို ဘယ်လိုထိုးရတာလဲ။

အသားထဲ ထိုးခြင်းဖြစ်စေ၊ ခုနောက်ဆုံး ပေါ်လာတဲ့ အရေပြားအောက်ထိုးခြင်းနဲ့ ဖြစ်စေ ထိုးနိုင်ပါတယ်။

အဲ့သည်ကနေမှ သွေးကြောတွေထဲကို ဆေးတွေ ဖြေးဖြေးချင်း ထုတ်ပေးတာဖြစ်ပါတယ်။

သန္ဓေတားထိုးဆေးက ဘယ်လို ကိုယ်ဝန်မရအောင်တားပေးတာလဲ။

အဓိကအားဖြင့်တော့ သားဥအိမ်မှ သားဥကြွေခြင်းကို တားပေးတာဖြစ်ပါတယ်။

ဆေးအာနိသင်ထိရောက်မှု ဘယ်လောက်ရှိလဲ။

ဆေးအာနိသင် ထိရောက်မှု ဘယ်လောက်ရှိလဲ ဆိုတာ ဆေးမှန်မှန်ထိုးမထိုး ပေါ်မူတည်ပါတယ်။ အကြမ်ဖျင်းအားဖြင့် ၉၆% ခန့် ထိရောက်မှုရှိတယ်လို့ဆိုထားပါတယ်။ဆေးထိုးမေ့ရင်တော့ ကိုယ်ဝန် တားပေးနိုင်စွမ်းမရှိပါဘူး။

ဘယ်လောက်အကြာမှာ နောကတစ်ကြိမ်ဆေးပြန်ထိုးဖို့လိုသလဲ။

၃ လ (၁၃ ပတ်) အကြာမှာ နောက်တစ်ကြိမ် ဆေး ပြန်ထိုးဖို့လိုအပ်ပါတယ်။

ဆေးရပ်တာနဲ့ ချက်ချင်းကိုယ်ဝန်ရလား။

ဆေးထိုးရပ်ပြီး ကိုယ်ဝန်ပြန်ယူ တဲ့ အခါမှာ

ကိုယ်ဝန်ပြန်ရဖို့ ကြာနေတာမျိုးဖြစ်တတ်ပါတယ်။ ပျမ်းမျှအားဖြင့် ၄လ ခန့် စောင့်ရတတ်ပါတယ်။

ဒီထက်ပို စောင့် ရတာတွေလဲ ရှိပါတယ်။

ဘေးထွက်ဆိုးကျိုး ဘာတွေရှိလဲ။

များသောအားဖြင့် ကတော့ ရာသီသွေးဆင်းခြင်း အပြောင်းအလဲ ဖြစ်တာပါ။

  • ဆေးထိုးပြီး ပထမ ၃ လမှာ သွေးဆင်းမမှန်တာ၊ သွေးဆင်းရက်ကြာတာတွေ ဖြစ်တတ်ပါတယ်။ဆေးထိုးတာ ၁ နှစ်လောက်အကြာမှာတော့ ရာသီသွေး မပေါ်တာ၊ ပုံမှန်မလာတာ၊ သွေးဆင်းမမှန်တာ တွေ အမျိုးသမီး အများစု ကြုံရတယ်လို့ ဆိုပါတယ်။
  • တခြားဘေးထွက်ဆိုးကျိုးအနေနဲ့ ကတော့

ကိုယ်အလေးချိန်တက်တာ

ခေါင်းကိုက်တာ

ခေါင်းမူးတာ

ဗိုက်ကယ်တာ လေပွတာ

စိတ်အပြောင်းအလဲမြန်တာ

လိင် စိတ် တက်ကြွမှုမရှိတာ

အရိုးသိပ်သည်းဆ ကျတာ တွေ ဖြစ်ပါတယ်။

သန္ဓေတားထိုးဆေးကို အမျိုးသမီးတွေ ဘာလို့ကြိုက်ကြတာလဲ။
  • ၃လ တစ်ကြိမ်ပဲဆေးထိုးဖို့လိုတယ်။
  • နေ့စဉ်ဆေးသောက်ရတာမျိုး ဆေးသောက်မေ့မှာမျိုးတွေ မပူရတော့ဘူး။
  • လိင်ဆက်ဆံတဲ့ အခါလဲ အနှောင့်အယှက်မဖြစ်ဘူး။
  • တားဆေးသုံးနေတယ်ဆိုတာလဲ ဘယ်သူ့မှ သတိမထားမိစေဘူး။
  • တချို့တွေမှာ ရာသီ မလာတော့တာကို ကြိုက်ကြတယ်။
  • ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာတာကို သဘောကျတယ် စတာတွေကြောင့် သုံးကြပါတယ်။
ဘယ်သူတွေသုံးလို့ရတာလဲ။

အမျိုးသမီးအားလုံးနီးပါးသုံးလို့ရပါတယ်။

  • သားသမီး ရှိသူ မရှိသေးသူ
  • အိမ်ထောင်ရှိသူ မရှိသေးသူ
  • ဆယ်ကျော်သက် အရွယ် မှ အသက် ၄၀ ကျော်အမျိုးသမီး
  • လတ်တလော ကိုယ်ဝန်ပျက်ကျထားသူ
  • ဆေးလိပ်သောက်သူ အမျိုးသမီးများ
  • ကလေးမွေးပြီး နို့တိုက်မိခင် (ကလေး ၆ ပတ်ကျော်)
  • HIV ပိုးရှိနေသူ ၊ ART ဆေးသောက်နေရသူ အားလုံး စိတ်ချစွာ သုံးလို့ ရပါတယ်။
ဘယ်သူတွေ မသုံးသင့်တာလဲ။
  • အသဲခြောက်ရောဂါရှိသူ (သို့) အသဲ ကင်ဆာ ဖြစ်နေသူဆိုရင်တော့ သုံးလို့မရပါဘူး။ ဒီလိုလူတွေဆိုရင်တော့ ဟော်မုန်းမပါတဲ့ သန္ဓေတားနည်း တခုခု သာ သုံးသင့်ပါတယ်။
  • သွေးတိုးရှိတဲ့ လူအနေနဲ့
  • သွေးတိုးကို သေချာထိန်းထားနိုင်နေပြီး သွေးပေါင်ချိန် ၁၆၀/၁၀၀ အောက်ရှိသူဆိုရင် သုံးလို့ ရပါတယ်။သွေးပေါင်ချိန် ၁၆၀/၁၀၀ အထက်ရှိသူတွေ အနေနဲ့တော့ မသုံးသင့်ပါဘူး။ အီစထိုဂျင် မပါတဲ့ တခြားသော သန္ဓေတားနည်း တခုခု သာ သုံးသင့်ပါတယ်။
  • ဆီးချိုဖြစ်တာ နှစ်၂၀ ကျော်နေပြီး ဆီးချိုကြောင့် သွေးကြော၊ အမြင်အာရုံ၊ ကျောက်ကပ်၊ အာရုံကြော ထိတာ ရှိတဲ့ အမျိုးသမီးဖြစ်ရင်လဲ မသုံးသင့်ပါဘူး။ အီစထိုဂျင် မပါတဲ့ တခြားသော သန္ဓေတားနည်း တခုခု သာ သုံးသင့်ပါတယ်။
  • နှလုံးဖောက်ဖူးသူ၊ နှလုံးသွေးကြောပိတ်ခြင်း ကျဉ်းခြင်းရှိဖူးသူတွေ ဆိုရင်လဲ မသုံးသင့်ပါဘူး။ အီစထိုဂျင် မပါတဲ့ တခြားသော သန္ဓေတားနည်း တခုခု သာ သုံးသင့်ပါတယ်။
  • ယခု လက်ရှိ ခြေထောက်တွင် သွေးခဲရှိနေသူ (သို့) အဆုတ်တွင်သွေးခဲ ရှိနေသူ ဖြစ်ပြီး သွေးပျော်ဆေးဖြင့် ကုသမှုခံယူမထားသူ ဆိုရင်လဲ မသုံးသင့်ပါဘူး။ ဟော်မုန်းမပါတဲ့ သန္ဓေတားနည်း တခုခု သာ သုံးသင့်ပါတယ်။
  • ပုံမမှန် ရာသီသွေးဆင်းတတ်သူတွေဆိုရင်လဲ ဒီ ရာသီသွေးဆင်းတာနဲ့ ပတ်သက်ပြီး ရောဂါရှာဖွေနေတုန်း ကုသမှုခံယူ နေတုန်းမှာ မသုံးသင့်ပါဘူး။
  • ရင်သားကင်ဆာရှိတယ်၊ ရှိခဲ့ဖူးတယ်ဆိုရင်လဲ မသုံးသင့်ပါဘူး။ ဟော်မုန်းမပါတဲ့ သန္ဓေတားနည်း တခုခု သာ သုံးသင့်ပါတယ်။
  • SLE (အရေပြားလေးဖက်နာ) ရောဂါရှိပြီး antiphospholipid antibodies လို့ခေါ်တဲ့ သွေးစစ်ဆေးမှုမှာ Positive ဖြစ်နေပြီး ဆေးကုသမှု မခံယူနေသူတွေ၊ သ္ဂေးထဲမှာ သွေးခဲစေသောဓါတ် အလွန်နဲသူတွေမှာ လဲ သုံးလို့မရပါဘူး။
သန္ဓေတားထိုးဆေးကိုဘယ်ချိန် စထိုးလို့ရတာလဲ။

ကိုယ်ဝန်မရှိတာသေချာတယ်ဆို ဘယ်အချိန်မဆိုထိုးလို့ရပါတယ်။

ကိုယ်ဝန်မရှိတာသေချာဖို့ ဘယ်မေးခွန်းတွေနဲ့ ဆန်းစစ်ကြည့်နိုင်လဲ။

အောက်ကမေးခွန်း (၆) ခု နဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။

၁။ လွန်ခဲ့တဲ့ (၇) ရက် အတွင်း ရာသီ စလာခဲ့ပါသလား။

၂။ ရာသီလာပြီးချိန်ကနေ (သို့) ကလေးမွေးဖွားပြီး (သို့) ပျက်ကျပြီးချိန်ကနေ ခုထိ အမျိုးသားနဲ့ တူတူနေတာ ရှောင်ပါသလား။

၃။စိတ်ချရတဲ့ သန္ဓေတားနည်းတခုခုကို စနစ်တကျ သေချာသုံးစွဲနေပါသလား။

၄။ လွန်ခဲ့တဲ့ (၇) ရက် အတွင်း ကိုယ်ဝန်ပျက်ကျခဲ့ ပါသလား။

၅။ လွန်ခဲ့တဲ့ (၄) ပတ် အတွင်း ကလေးမွေးခဲ့ပါသလား။

၆။ အသက် (၆) လအောက်ကလေးကို အမေနို့တမျိုးထဲ တိုက်နေပြီး

ကလေးမွေးပြီးကတည်းက ဓမ္မတာမပေါ်သေးသူ ဖြစ်ပါသလား။

• အဲ့ဒီ မေးခွန်းတွေထဲ က အဖြေတခုခုကို “ဟုတ်တယ်” လို့ ဖြေရင်သင့်မှာ ကိုယ်ဝန်မရှိဘူးလို့ ယူဆလို့ရပါတယ်။

• မေးခွန်းအားလုံးရဲ့ အဖြေ က “မဟုတ်ဘူး” ပဲဖြစ်နေရင်တော့ ကိုယ်ဝန်ရှိမရှိ ကို ဆီးစစ်ကြည့်ဖို့ လိုပါတယ်။

ဓမ္မတာရာသီ ပေါ်ပြီး ဘယ်ချိန်မှာ ဆေးစထိုးရမလဲ။

•ရာသီ စလာတဲ့ရက်ကနေ (၇) ရက်အတွင်းထိုးမယ်ဆိုရင် နောက်ထပ် အကာအကွယ်အနေနဲ့ ကွန်ဒုံးသုံးတာမျိုးလုပ်စရာ မလိုပါဘူး။

•ရာသီ စလာတဲ့ရက်ကနေ (၇) ရက်ကျော်မှ ထိုးမယ်ဆိုရင်တော့ ကိုယ်ဝန်မရှိတာသေချာရင် ထိုးလို့ရပါတယ်။ ထိုးပြီး နောက် ပထမ (၇) ရက်မှာ အမျိုးသားနဲ့ အတူနေတဲ့ အခါ နောက်ထပ် အကာအကွယ်အနေနဲ့ ကွန်ဒုံးသုံးတာမျိုးလုပ်ရပါမယ်။

တခြား သန္ဓေတားနည်းလမ်းတစ်ခုခု ကနေ ထိုးဆေးကို ပြောင်းသုံးချင်တာဆိုဘယ်ချိန်ထိုးလို့ရလဲ။

သန္ဓေတားနည်းတစ်ခုခုကို စနစ်တကျသေချာသုံးနေတာဆိုရင် (သို့) ကိုယ်ဝန်မရှိတာသေချာရင် ထိုးလို့ရပါတယ်။ ရာသီလာချိန်ကို စောင့်နေစရာမလိုပါဘူး။ နောက်ထပ် အကာအကွယ်အနေနဲ့ ကွန်ဒုံးသုံးတာမျိုးလုပ်စရာ မလိုပါဘူး။

အမေနို့တစ်မျိုးတည်းတိုက်နေသော နို့တိုက်မိခင်တွေဆို ဘယ်ချိန်ဆေးထိုးရမလဲ။

•ကလေးမွေးပြီးတာ ၆ပတ်ကျော်ရင် ဆေး စထိုးလို့ရပါပြီ။

•ကလေးမွေးပြီး ဓမ္မတာမပေါ်သေးသူ ဆိုရင် ၆ပတ်ကနေ ၆လအတွင်း ထိုးနိုင်ပါတယ်။

•ဓမ္မတာပေါ်ပြီဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ဓမ္မတာရာသီ ပေါ်ပြီး ဆေးထိုးရမယ့် ရက်အတိုင်း ထိုးရပါမယ်။

ကလေးမွေးပြီးတာ ၆လကျော်တဲ့ အမျိုးသမီးဆိုရင် ဘယ်ချိန်ဆေးထိုးရမလဲ။

•ဓမ္မတာရာသီ မပေါ်သေးသူ ဆိုရင် ကိုယ်ဝန်မရှိတာသေချာရင် ဆေးထိုးလို့ရပါတယ်။ထိုးပြီး နောက် (၇) ရက်မှာအတူနေရင် ကွန်ဒုံးသုံးဖို့လိုပါမယ်။

•ရာသီပေါ်ပြီဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ဓမ္မတာရာသီ ပေါ်ပြီးဆေးထိုးရမယ့် ရက်အတိုင်း ထိုးရပါမယ်။

အမေနို့တမျိုးတည်းတိုက်နေသူမဟုတ်ရင် ဘယ်ချိန်ဆေးထိုးရမလဲ။

• ကလေးမွေးပြီး ၆ပတ်မှာဆေးစထိုးလို့ရပါပြီ။

• ကလေးမွေးပြီးတာ ၆ပတ်ကျော် နေပြီဆိုရင်

•ဓမ္မတာရာသီ မပေါ်သေးဘူးဆိုရင် ကိုယ်ဝန်မရှိတာသေချာရင် ဆေးထိုးလို့ရပါတယ်။ထိုးပြီး နောက် ပထမ (၇) ရက်မှာအတူနေရင် ကွန်ဒုံးသုံးဖို့လိုပါမယ်။

•ရာသီပေါ်ပြီဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ဓမ္မတာရာသီ ပေါ်ပြီးဆေးထိုးရမယ့် ရက်အတိုင်း ထိုးရပါမယ်။

အမေနို့လုံးဝတိုက်နေသူမဟုတ်ရင် ဘယ်ချိန်ဆေးထိုးရမလဲ။

•ကလေးမွေးပြီး ၄ ပတ် အတွင်း ဘယ်အချိန်မဆို ဆေးစထိုးလို့ရပါတယ်။

ကလေးမွေးပြီးတာ ၄ ပတ်ကျော် ပြီဆိုရင်တော့

•ဓမ္မတာရာသီ မပေါ်သေးဘူး၊ ကိုယ်ဝန်မရှိတာလည်းသေချာတယ် ဆိုရင် ဆေးထိုးလို့ရပါတယ်။ ထိုးပြီး နောက် (၇) ရက်မှာအတူနေရင် ကွန်ဒုံးသုံးဖို့လိုပါမယ်။

•ရာသီပေါ်ပြီဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ဓမ္မတာရာသီပေါ်ပြီးဆေးထိုးရမယ့် ရက်အတိုင်း ထိုးရပါမယ်။

ကလေးမွေးထားတာကြောင့်လဲ မဟုတ် နို့တိုက်နေတာကြောင့်လဲ မဟုတ်ပဲ ရာသီ မပေါ်နေတဲ့ အမျိုးသမီးဆိုရင် ဘယ်ချိန်ဆေးထိုးရမလဲ။

ကိုယ်ဝန်မရှိတာသေချာရင် အချိန်မရွေး ဆေးထိုးလို့ရပါတယ်။ထိုးပြီး နောက် ပထမ (၇) ရက်မှာအတူနေရင် တော့ ကွန်ဒုံးသုံးဖို့လိုပါမယ်။

ကိုယ်ဝန်ပျက်ကျပြီးနောက် ဘယ်ချိန် ဆေးစထိုးရမလဲ။

• ကိုယ်ဝန်ပျက်ကျပြီး (၇) ရက်အတွင်းထိုးမယ်ဆိုရင် နောက်ထပ် အကာအကွယ်အနေနဲ့ ကွန်ဒုံးသုံးတာမျိုးလုပ်စရာ မလိုပါဘူး။

• ကိုယ်ဝန်ပျက်ကျပြီး (၇) ရက်ကျော်မှ ထိုးမယ်ဆိုရင်တော့ ကိုယ်ဝန်မရှိတာသေချာရင် ထိုးလို့ရပါတယ်။ ထိုးပြီး နောက် (၇) ရက်ကိုတော့ အတူနေတဲ့ အခါ နောက်ထပ် အကာအကွယ်အနေနဲ့ ကွန်ဒုံးသုံးတာမျိုးလုပ်ရပါမယ်။

အရေးပေါ်တားဆေးသောက်ပြီး ရင်ရော ဘယ်ချိန် ဆေးစထိုးရမလဲ။

• အရေးပေါ်တားဆေးသောက်တဲ့ရက်မှာပဲ တခါတည်း ဆေးထိုးလို့ရပါတယ်။

• ရာသီပေါ်တာစောင့်စရာမလိုပါဘူး။

• ဆေးထိုးပြီး နောက် ပထမ (၇) ရက်မှာ အတူနေမယ်ဆိုရင် ကွန်ဒုံးသုံးရပါမယ်။

ဆေးကို နောက်မှ ထိုးမယ်ဆိုရင်တော့ ကိုယ်ဝန်မရှိတာ သေချာရင်ထိုးလို့ရပါတယ်။

ဆေးထိုးနေရာကို ချေလို့ရလား။

ဆေးထိုးထားတဲ့နေရာကို မချေရပါဘူး။

ဆေးထိုးဖို့ နောက်ကျရင်ရော ဘယ်လိုလုပ်ရမလဲ။

ဆေးထိုးဖို့ နောက်ကျတာ ၄ပတ်အောက်ပဲရှိသေးတယ်ဆိုရင် တခြားစစ်ဆေးစရာ မလိုပဲ ထိုးလို့ရပါတယ်။

ဆေးထိုးဖို့ နောက်ကျတာ ၄ ပတ် ကျော်ပြီဆိုရင်တော့ ဆရာဝန်နဲ့သေချာဆွေးနွေးဖို့ လိုပါတယ်။

ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးသိထားရမှာဘာတွေရှိလဲ။
  • ရာသီထိန်ခြင်း အဖြစ်များပါတယ်။ နောက်ပိုင်း မျိုးမအောင်တော့တာမျိုး မဖြစ်စေပါဘူး။ သွေးတွေ သားအိမ်ထဲ စုနေစေတာမျိုးဖြစ်စေတာလည်း မဟုတ်ပါဘူး။
  • ရာသီသွေးဆင်းမမှန်ခြင်း အမျိုးသမီးအတော်များများဆေးထိုးနေတုန်းကြုံတွေ့ရပါတယ်။ လအနည်းငယ် အကြာမှာရပ်သွားတတ်ပါတယ်။ ဒီလို ရာသီသွေးဆင်းမမှန်တာဟာ ကြာရှည်နေမယ် (သို့) လအနည်းငယ်ကြာပုံမှန် ရာသီသွေးဆင်းတာ (သို့) ရာသီထိန်နေတာတွေ ဖြစ်ပြီးမှ ပြန်ပြီး ရာသီသွေးဆင်းမမှန်တာ ဖြစ်တယ်ဆိုရင်တော့ ဆေးကြောင့်မဟုတ်ပဲ တခြားအကြောင်းကြောင့်လားဆိုတာ စစ်ဆေးကုသဖို့လိုပါမယ်။
  • သွေးဆင်းများခြင်း (သွေးဆင်းပမာဏ ပုံမှန်ထက် ၂ ဆများခြင်း (သို့) ၈ ရက်ထက်ပိုကြာခြင်း) သွေးဆင်းများတာကြောင့် ကျန်းမာရေးပြဿနာရှိနေပြီ ဆိုရင်တော့ တခြားသားဆက်ခြားနည်းလမ်းကို ပြောင်းဖို့လိုပါတယ်။ သွေးအားနည်းခြင်းကို ကာကွယ်ဖို့ သံဓါတ်ပါသောအားဆေးများသောက်ခြင်း၊ သံဓါတ်ကြွယ်ဝသော အစားအစာများဖြစ်တဲ့ အနီရောင်အသား၊ အသဲ၊ ငါး၊ အစိမ်းရောင်အရွက်၊ ပဲအမျိုးမျိုးကို စားပေးခြင်းများပြုလုပ်ရပါမယ်။ ဒီလို သွေးဆင်းများခြင်း ဟာ ကြာရှည်နေမယ် (သို့) လအနည်းငယ်ကြာပုံမှန် ရာသီသွေးဆင်းတာ (သို့) ရာသီထိန်နေတာတွေ ဖြစ်ပြီးမှ ပြန်ပြီး သွေးဆင်းများခြင်းထပ် ဖြစ်တယ်ဆိုရင်တော့ ဆေးကြောင့်မဟုတ်ပဲ တခြားအကြောင်းကြောင့်လားဆိုတာ စစ်ဆေးကုသဖို့လိုပါမယ်။
  • ကိုယ်ဝန်ပြန်ယူချိန်မှာ ရဖို့ကြာနေတတ်ခြင်း တချို့အမျိုးသမီးတွေမှာ ကိုယ်ဝန်ပြန်ယူတဲ့အခါ ရဖို့ကြာနေတတ်တာမျိုးရှိပါတယ် ၄ လကနေ တနှစ်နဲ့ ၈လလောက်ထိ စောင့်ရတတ်တယ်လို့ ပြောထားပါတယ်။ လုံး၀ ကလေးမရတာမျိုး ၊ မျိုးမအောင်တော့တာမျိုးဖြစ်စေတာမဟုတ်ပါဘူး။
  • ကိုယ်အလေးချိန်တက်ခြင်း နေ့စဉ် စားသုံး နေတာတွေကို ပြန်ပြီးချင့်ချိန်ကြည့်တာမျိုးလုပ်ကြည့်ဖို့လိုပါတယ်။
  • ဗိုက်အောင့် ဗိုက်ကယ်ခြင်းနဲ့ ခေါင်းမူးခြင်းတွေ အိမ်တွင်းကုသမှုလေးတွေနဲ့ သက်သာစေနိုင်ပါတယ်။
  • ခေါင်းကိုက်ခြင်း အကိုက်အခဲပျောက်ဆေး တစ်မျိးမျိုး သောက်လို့ရပါတယ်။ ခေါင်းကိုက်တာ ပိုပိုဆိုးလာတာ ခနခနဖြစ်တာဆိုရင်တော့ စစ်ဆေးဖို့လိုပါတယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!