Q&A (Questions & Answers)

သုက်လွှတ်မြန်ခြင်း

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

သုက်လွှတ်မြန်ခြင်း (Premature Ejaculation- PE) ဆိုတာ ဘာလဲ။

သုက်လွှတ်ခြင်းဆိုတာ လိင်စိတ်ခံစားမှု အထွတ်အထိပ်ရောက်ချိန်မှာ လိင်တံကနေ သုက်ရည်ထွက်လာခြင်း ဖြစ်ပါတယ်။

ဒီလို သုက်လွှတ်တာကို သင် (သို့) သင့် အဖော်က ပုံမှန်ထက်ပိုမြန်တယ်လို့ ယူဆခြင်း၊ ကြုံတွေ့ခံစားရခြင်းကို သုက်လွှတ်မြန်ခြင်း (Premature Ejaculation- PE) လို့ ခေါ်တာဖြစ်ပါတယ်။

သုက်လွှတ်မြန်ခြင်းက အဖြစ်များလား။

လေ့လာချက်တွေအရ အသက် ၁၈ ကနေ ၅၉ နှစ်အတွင်း အမျိုးသား ၃ ယောက်မှာ ၁ ယောက် သုက်လွှတ်မြန်ခြင်း ကို တချိန်ချိန်မှာ ကြုံရတယ်လို့ ဆိုပါတယ်။

သုက်လွှတ်မြန်ခြင်း ဟာ လိင်မှုဆိုင်ရာစွမ်းဆောင်မှု ချို့ယွင်းချက်တစ်ခုလား။

သုက်လွှတ်မြန်ခြင်း ကို လိင်မှုဆိုင်ရာစွမ်းဆောင်မှုချို့ယွင်းချက် တစ်ခု အဖြစ် ယူဆပါတယ်။

လိင်မှုဆိုင်ရာ စွမ်းဆောင်မှုချို့ယွင်းချက် ဆိုတာ လိင်စွမ်းဆောင်မှုမှာ ကျေနပ်အားရမှု မဖြစ်စေတဲ့ ပြဿနာရပ်များကို ဆိုလိုတာဖြစ်ပါတယ်။

လိင်တံထောင်မတ်နိုင်စွမ်း ချို့ယွင်းခြင်း ဆိုတာ ဘာလဲ။

လိင်ဆက်ဆံချိန်မှာ ကျေနပ်မှု အပြည့်အဝရဖို့ လိုအပ်တဲ့ လိင်တံထောင်မတ်နိုင်စွမ်း မရရှိခြင်း ကို ဆိုလိုတာဖြစ်ပါတယ်။ သုက်လွှတ်မြန်ခြင်း နဲ့ လိင်တံထောင်မတ်နိုင်စွမ်း ချို့ယွင်းခြင်း (Erectile Dysfunction- ED) နဲ့ မတူပါဘူး။သုက်လွှတ်မြန်ခြင်း ကို လိင်တံထောင်မတ်နိုင်စွမ်း ချို့ယွင်းခြင်း နဲ့ တွဲပြီးတွေ့ကြုံခံစားရသူတွေလည်းရှိပါတယ်။

သုက်လွှတ်မြန်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

သုက်လွှတ်မြန်တာ တခါတရံ ဖြစ်ခြင်းဟာ စိုးရိမ်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ ခနခန ဖြစ်နေတာ (သို့) ဖြစ်နေတာကြာပြီဆိုရင်တော့ ကုသမှုခံယူဖို့လိုပါတယ်။သုက်လွှတ်မြန်ခြင်း ရဲ့ အဓိကလက္ခဏာ ကတော့ လိင်ဆက်ဆံမှု ပြုချိန် တစ်မိနစ်ထက်ပို ကြာအောင်မထိန်းထားနိုင်ပဲ သုတ်ရည်ထွက်သွားခြင်း ဖြစ်ပါတယ်။

သုတ်လွှတ်မြန်ခြင်း ဘယ်နှမျိုးရှိသလဲ။

သုက်လွှတ်မြန်ခြင်း ဟာ အချိန်တစ်ခုရောက်မှ ဖြစ််ခြင်းလား။ ကာလကြာရှည်ဖြစ်နေခြင်းလား ဆိုပြီး ၂ မျိုးရှိပါတယ်။

  • ကာလကြာရှည်ဖြစ်နေခြင်: ဆိုတာ လိင်မှု ကိစ္စ စပြုလုပ်တဲ့ အရွယ်ကနေ လိင်ကိစ္စပြုချိန်တိုင်း ဒီလို သုက်လွှတ်မြန်တာကို တောက်လျှောက်ကြုံရတာဖြစ်ပါတယ်။
  • အချိန်တစ်ခုရောက်မှဖြစ်ခြင်း ဆိုတာကတော့ အရင်က သုက်လွှတ်တာနဲ့ ပတ်သက်ပြီးဘာပြဿနာမှ မရှိခဲ့ဘူး။ နောက်မှ ဒါမျိုးသုက်လွှတ်မြန်တာ စဖြစ်လာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
သုက်လွှတ်မြန်ခြင်း ဖြစ်စေတဲ့ အကြောင်းကဘာတွေလဲ။

• ဟော်မုန်းများပုံမှန်မဟုတ်ခြင်း- ဥပမာကျားဟော်မုန်း

• အာရုံကြောရောဂါများ

• ဆီးလမ်းကြောင်းနှင့် ဆီးကြိတ်ဆိုင်ရာရောဂါများ

• ကျားမျိုးပွားလမ်းကြောင်းဆိုင်ရာရောဂါများ

• စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

• ရုပ်ပိုင်းဆိုင်ရာပြဿနာများ ကြောင့်ဖြစ်ပါတယ်။

ဘယ်ချိန် ဆေးခန်းပြဖို့လိုသလဲ။

အကယ်၍ သုက်လွှတ်မြန်ခြင်းဟာ

• ကိုယ့်ရဲ့ လိင်ဆက်ဆံရေးမှာ ပြဿနာတစ်ခု အနေနဲ့ ဖြစ်လာပြီဆိုရင်

• ကိုယ်ကလဲ ဒါကြောင့် စိတ်အခန့်မသင့်ဖြစ်လာပြီဆိုရင်

• ဒီပြဿနာကြောင့် လိင်ဆက်ဆံဖို့ တုံ့ဆိုင်းနေပြီဆိုရင် ဆေးခန်းပြဖို့လိုပါမယ်။

ဆေးခန်းပြတဲ့ အခါမှာဘာတွေပြောပြဖို့လိုသလဲ။

• ဘယ်တုန်းက စဖြစ်တာ

• ဘယ်အကြိမ်လောက်ဖြစ်တာ

• ဘယ်လောက်ပဲကြာတာ

• လိင်စိတ်ကြွရန်အတွက်ဆေးသုံးတာ တွေရှိမရှိ

• အရင်က သုက်လွှတ်တာပုံမှန် ရှိခဲ့သူဆိုရင် အခု ဒီလိုသုက်လွှတ်မြန်တာ ဖြစ်လာတော့ ဘယ်လိုတွေပြောင်းလဲသွားတာလဲ စသဖြင့် ကို ဆရာဝန်နဲ့‌ သေချာ ဆွေးနွေးရပါမယ်။

သုက်လွှတ်မြန်တာကို ဘယ်လိုကုသရမလဲ။

လိင်ဆက်ဆံမှုပုံစံပြောင်းလဲခြင်း။

တချို့တွေမှာ ပုံမှန်လိင်ဆက်ဆံမှုပုံစံကို အနည်းငယ်ပြောင်းလဲလိုက်တာနဲ့ သက်သာသွားတာမျိုးရှိပါတယ်။ လိင်ဆက်ဆံမှု မပြုခင် တစ်နာရီလောက်ကြို ပြီး အသာဖြေတာ၊ လိင်ဆက်ဆံမှုကို ရက်အနည်းငယ်လောက်ရှောင်လိုက်တာ စသဖြင့် ပြုလုပ်လိုက်ခြင်းက အတူနေတဲ့အခါမှာ အထောက်အကူဖြစ်တယ်လို့ဆိုပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း။

လေ့ကျင့်ခန်းအနေနဲ့ တင်ပဆုံကြွက်သားလေ့ကျင့်ခန်း (Kegal Exercise) လုပ်ပေးခြင်းက အထောက်အကူပြုပါတယ်။တင်ပဆုံကြွက်သား လေ့ကျင့်ခန်းဆိုတာ ဆီးသွားနေစဉ် ဆီးအောင့်သလိုလုပ်ကြည့်တဲ့ အခါမှာ အသုံးပြုတဲ့ ကြွက်သားတွေ (သို့) လေလည်တဲ့ အခါမှာ အသုံးပြုရတဲ့ ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးရမှာဖြစ်ပါတယ်။ ကီးဂဲလ် လေ့ကျင့်ခန်း (Kegal Exercise) လို့ခေါ်ပါတယ်။ မတ်တပ်ရပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ အိပ်လျက်ဖြစ်စေ လုပ်နိုင်ပါတယ်။

ကီးဂဲလ် လေ့ကျင့်ခန်းလုပ်နည်းကတော့ အပေါ်မှာပြောထားတဲ့ တင်ပဆုံကြွက်သားတွေကို ၁ ကနေ ၃ ထိ စိတ်ထဲမှာ မှတ်ပြီး တင်းထားပါ။ ပြီးနောက် ၁ ကနေ ၃ ထိ စိတ်ထဲမှာ မှတ်ပြီးပြန်လျှော့ပါ။ တစ်ခါလုပ် ၁၀ကြိမ်နဲ့ တစ်နေ့ကို အနဲဆုံး ၃ ခေါက်လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ချိန်မှာ ဝမ်းဗိုက်ကြွက်သား၊ တင်ပါးကြွက်သားမပါဖို့တော့ ဂရုစိုက်ရပါမယ်။ YouTube မှာလဲ Kegal Exercise ဆိုပြီးရိုက်ရှာ ကြည့်လို့ ရပါတယ်။ ဒီလိုကြွက်သားတွေသန်မာအောင် လေ့ကျင့်တာဟာ ရက်သီးတင်းပါတ်ကနေ လပိုင်းလောက်အချိန်ပေးမှ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို ခံစားရတာ ဖြစ်ပါတယ်။

အာရုံကြောတုံ့ပြန်မှု ကျဆင်းစေခြင်း။

ကွန်ဒုံးဝတ်ဆင်ခြင်းအားဖြင့် လိင်ဆက်ဆံနေစဉ် လိင်တံရဲ့ အာရုံကြောတုံ့ပြန်မှုကို လျော့ကျစေပြီး လိင်တံထောင်မတ်နိုင်မှုကို ကြာကြာထိန်းထားဖို့ အထောက်အကူပြုတဲ့အပြင် သုက်လွှတ်မြန်တာကို သက်သာစေတယ်လို့လဲ ဆိုပါတယ်။

ဇင့်ဓါတ်

ဇင့်ဓါတ်သည် ကိုယ်ခံအားကောင်းစေခြင်း ဆဲလ်များကြီးထွားစေခြင်းများကို အထောက်အကူပြုသည့်အပြင် ကျားဟော်မုန်း တက်စတိုစတီရုန်းထုတ်ခြင်းကိုလဲ ပံ့ပိုးပေးနိုင်တာကြောင့် သုက်လွှတ်မြန်တာသက်သာဖို့လဲ အထောက်အကူပြုပါတယ်။

တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဇင့်ဓါတ်တွေ အများကြီးဖြည့်သောက်မိရင်တော့

ပျို့ချင်အန်ချင်တာ

ဝမ်းလျှောတာ

ကျောက်ကပ်

အစာအိမ်ထိခိုက်တာ

ပါးစပ်ထဲမှာ သတ္ထု အရသာမျိုးကြီးရနေတာတွေ ဖြစ်တတ်ပါတယ်။

ဇင့်ဓါတ်အပြင် မဂ္ဂနီဆီယမ်ဓါတ်ကလည်း သုက်လွှတ်မြန်တာအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တနေ့တာ အစားအစာ တွေမှာ ဒီဓါတ်ကြွယ်ဝတာတွေစားသုံးပေးလို့ရပါတယ်။

ဇင့်ဓါတ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကဘာတွေလဲ။

ကမာကောင်

ဖရုံစေ့

ပဲပိစပ်

ဒိန်ချဥ်

ဟင်းနုနွယ်ရွက်

ဂျုံစေ့

ဗာဒံစေ့

နှမ်းစေ့

အမဲသားနှင့်သိုးသား

အနက်ရောင်ချောကလက်

ကြက်သွန်ဖြူ

ကုလားပဲ နှင့် ပဲအမျိုးမျိုး စတာတွေမှာ ဇင့်ဓါတ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

သုက်လွှတ်မြန်ခြင်းအတွက်ဆေးကုသမှုများ

သုက်လွှတ်မြန်ခြင်းကို Tadalafil (သို့) sildenafil ကဲ့သို့သောဆေးများပေး၍ ကုသရသောအခြေအနေများလဲ ရှိပါတယ်။ ဒီဆေးတွေဟာ လိင်တံထောင်မတ်နိုင်မှုကို အထောက်အကူဖြစ်စေပြီးသုက်လွှတ်မြန်တာကိုလဲ သက်သာစေတာဖြစ်ပါတယ်။

ဆေးသောက်ပုံသောက်နည်း၊ ဆေးသောက်ရမယ့် ပမာဏ၊ ဆောင်ရန် ရှောင်ရန်နဲ့ ဘေးထွက်ဆိုးကျိုး တွေကဘာတွေရှိတာလဲ စသဖြင့် သိထားပြီး သေချာ လိုက်နာရမှာ ဖြစ်လို့ ဆရာဝန်နဲ့ သေချာဆွေးနွေးပြီးမှ သောက်သင့်တဲ့ဆေးတွေဖြစ်ပါတယ်။

သုက်လွှတ်မြန်တာနဲ့ ပတ်သက်ပြီး အဓိက သိထားရမယ့်အချက်တွေက ဘာတွေလဲ။
  • သုက်လွှတ်မြန်တာကို ကြုံနေရပြီဆိုရင် ကိုယ့်ရဲ့ လက်တွဲဖော်ကို သေချာ ပြောပြထားဖို့လိုပါတယ်။
  • သုက်လွှတ်မြန်တာသည် ကုသလို့ရတယ်။ အဖြစ်များတယ် ဆိုတာ နားလည်ထားရပါမယ်။
  • ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းကို သေချာဆန်းစစ်ပြီး ကုသလိုက်မယ်ဆိုရင် လိင်မှုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အပြင် အခြားသော ဟော်မုန်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းချင်းရာ တွေကိုပါ ကုသပြီးသားဖြစ်စေမှာပါ။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!