Q&A (Questions & Answers)

အရေးပေါ် သန္ဓေတားဆေး

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

အရေးပေါ်သန္ဓေတားဆေးဆိုတာ ဘာလဲ။

အရေးပေါ်သန္ဓေတားဆေးဆိုတာ တစ်နည်းအားဖြင့် အတူနေပြီး ကိုယ်ဝန်မယူချင်သေးတဲ့ အခါ သောက်တဲ့ဆေးဖြစ်ပါတယ်။

• အကာအကွယ်မဲ့လိင်ဆက်ဆံမိသွားတဲ့အခါ၊

• မိမိအသုံးပြုနေကျ သန္ဓေတားနည်းလမ်းက လွဲချော်မှုတစ်ခုခုဖြစ်သွားတဲ့အခါ -လိင်ဆက်ဆံစဉ်ကွန်ဒုံးပေါက်ပြဲသွားခြင်း၊ သန္ဓေတားဆေးသောက်ရန်မေ့လျော့သွားခြင်း၊ သန္ဓေတားဆေးထိုးရန်ရက်ကျော်သွားခြင်း၊ သားအိမ်တွင်းထည့်ထားသောသန္ဓေတားပစ္စည်းထွက်ကျသွားခြင်း • အလိုမတူပဲအဓမ္မပြုကျင့်ခံရတဲ့ အခါ တွေမှာ ကိုယ်ဝန်မရအောင်တားဆီးဖို့ အသုံးပြုရတဲ့ဆေးဖြစ်ပါတယ်။

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

အဓိကကတော့ မမျိုးဥကြွေခြင်းကိုဟန့်တားပေးတာ နှောင့်နှေးစေတာဖြစ်တယ်။

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသားနဲ့ အတူတူနေတာနဲ့ ချက်ချင်းရတာမဟုတ်ပါဘူး။

အတူနေပြီးနောက် အမျိုးသားရဲ့ သုတ်ပိုးက အမျိူးသမီးရဲ့ မိန်းမကိုယ်ထဲမှာ ၅ ရက်လောက်အထိ အသက်ရှင်နိုင်ပါတယ်။

အကယ်၍ ဒီ ၅ ရက်အတွင်းမှာ သားဥကြွေခဲ့ရင် သုတ်ပိုးနဲ့ သားဥပေါင်းပြီး သန္ဓေသားလောင်းလေးအဖြစ် သားအိမ်နံရံမှာ တွယ်ကာ တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။

ဒါကို ကိုယ်ဝန်ရှိတယ်လို့ခေါ်တာပါ။ အရေးပေါ်တားဆေးကမမျိုးဥကနေ သားဥမကြွေအောင် ဟန့်တားပေးပါတယ်။ သို့မဟုတ် မမျိုးဥထွက်ရှိမှုကို ၅ မှ ၇ ရက် နှောင့်နှေးစေခြင်း ဖြစ်စေပါတယ်။

အတူနေပြီးချိန်မှာ အမျိုးသမီးရဲ့ မျိုးပွားလမ်းကြောင်းမှာရောက်လာတဲ့ သုတ်ပိုးတွေ ဟာ ထိုနေရာမှာ ၅ ရက်ခန့်သာ အသက်ရှင်နိုင်တာကြောင့် မမျိုးဥကိုစောင့်နေရင်းက မျိုးဥလေးကြွေမလာတဲ့ အခါ သေဆုံးသွားပါလိမ့်မယ်။

အရေးပေါ်တားဆေးက ကိုယ်ဝန်ဖျက်ချပေးတာလား။

အရေးပေါ်တားဆေးက တချိုု့တွေ အမှတ်မှားနေသလို ကိုယ်ဝန်ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။ အကယ်၍သာ ဆေးသောက်တဲ့ အချိန်နောက်ကျလို့ သုက်ပိုးနဲ့ သားဥတို့ မျိုးအောင်ပြီး သားလောင်းလေးက သားအိမ်နံရံမှာ တွယ်ကပ်ပြီးသား ဖြစ်ရင်တော့ (ကိုယ်ဝန်ရှိနေပြီလို့ဆိုလိုတာပါ) ကိုယ်ဝန်ဆက်ရှိသွားမှာဖြစ်သလို ဆေးကြောင့် သန္ဓေသားလောင်းပေါ်မှာ ထိခိုက်မှု မဖြစ်စေပါဘူး။

အရေးပေါ်တားဆေးကို မကြာခနသောက်နေလို့ရလား။

မကြာခဏ အတူတူနေဖြစ်မယ့် အခြေအနေမျိုးရှိရင် အရေးပေါ်တားဆေးပဲ သောက်နေတာမျိုးက မလုပ်သင့်ပါဘူး။ ပုံမှန်သန္ဓေတားနည်းတစ်မျိုးမျိုး (ဥပမာ နေ့စဉ်သောက်တားဆေး၊ သုံးလခံထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်ထဲထည့် ပစ္စည်း၊ လက်မောင်းအရေပြားအောက် ထည့်ပစ္စည်း) ကို စနစ်တကျ နည်းစနစ်မှန်မှန်နဲ့ သုံးဖို့ လိုအပ်ပါတယ်။

ဘယ်ဆေးတွေကို အရေးပေါ်သန္ဓေတားဆေးတွေအဖြစ် သုံးလို့ရလဲ။

• အရေးပေါ်တားဆေးအနေနဲ့ အထူးပြုလုပ်ထားတဲ့

• levonorgestrel ဆိုတဲ့ ဟော်မုန်း တစ်မျိုးတည်း ပါရှိသော ဆေးကဒ်

• ullipristal acetate (UPA) ဆိုတဲ့ ဟော်မုန်း တစ်မျိုးတည်း ပါရှိသော ဆေးကဒ် ဆိုပြီး အရေးပေါ်တားဆေး အနေနဲ့ ၂မျိုး ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ levonorgestrel ဆိုတဲ့ ဟော်မုန်း တစ်မျိုးတည်း ပါရှိသော ဆေးကဒ် က အတွေ့ရများပါတယ်။

သန္ဓေတားသောက်ဆေးများ ဖြစ်တဲ့

• ပရိုဂျက်စတင်တစ်မျိုးတည်းပါသောသန္ဓေတားသောက်ဆေး (POP)

• အီစထရိုဂျင်နှင့် ပရိုဂျက်စတင်တို့ ပေါင်းစပ်ထားသော သန္ဓေတားသောက်ဆေး (COC) ကိုလဲ အရေးပေါ်သောက်ဆေးအနေနဲ့ သောက်လို့ရပါတယ် သောက်ပုံသောက်နည်းက သီးသန့်ရှိပါတယ်။

အရေးပေါ်တားဆေး ကို ဘယ်အချိန်မှာ သောက်ရမလဲ။

အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ဖြစ်နိုင်သမျှ အမြန်ဆုံး သောက်ဖို့လိုပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း ကနေ ၅ ရက် အတွင်းထိ ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် စောသောက်နိင်လေ ကောင်းလေပါပဲ။

အရေးပေါ်တားဆေး ကို ဘယ်လိုသောက်ရတာလဲ။

အရေးပေါ်တားဆေး ဆိုပြီး တံဆိပ်အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

အမျိုးသမီးသောက်ရမှာ ဖြစ်ပါတယ်။

ဆေးကဒ်တစ်ကဒ်မှာတစ်လုံးတည်းပါတဲ့အရေးပေါ်တားဆေးကို သောက်မည်ဆိုပါက အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၇၂) နာရီအတွင်း တစ်လုံးသောက်ရပါမယ်။

အကယ်၍ ဆေးသောက်ပြီး (၂) နာရီအတွင်း အန်ခဲ့ပါက ထပ်မံသောက်ရန်လိုအပ်ပါတယ်။

ဆေးကဒ်တစ်ကဒ်မှာ ဆေးနှစ်လုံးပါတဲ့အရေးပေါ်တားဆေးကို သောက်မည်ဆိုပါက အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၇၂) နာရီအတွင်း တစ်လုံးသောက်ရမည်ဖြစ်ပြီး နောက် (၁၂) နာရီအကြာတွင် နောက်တစ်လုံးထပ်သောက်ရပါမယ်။

အကယ်၍ဆေးသောက်ပြီး (၂) နာရီအတွင်းအန်ခဲ့ပါက အစကပြန်သောက်ရပါမယ်။

အရေးပေါ်တားဆေးက ဘယ်လောက်ထိရောက်မှု ရှိသလဲ။

• သန္ဓေတားခြင်းမရှိပဲ ရာသီစက်ဝန်းရဲ့ ဒုတိယပတ် သို့မဟုတ် တတိယပတ်အတွင်း လိင်ဆက်ဆံတဲ့ အမျိုးသမီး 100 မှာ အမျိုးသမီး ၈ ဦး ဟာ ကိုယ်ဝန်ရှိလာနိုင်ပါတယ်။

• ullipristal acetate (UPA) ဆိုတဲ့ ဟော်မုန်း ပါရှိသော အရေးပေါ်တားဆေး ကိုအသုံးပြုပါက အမျိုးသမီး ၁၀၀ မှာ ကိုယ်ဝန်ရှိလာနိုင်ဖွယ် အမျိုးသမီး ၁ ဦးထက်နည်းပါတယ်။

• levonorgestrel ဆိုတဲ့ ဟော်မုန်း ပါရှိသော ပါရှိသော အရေးပေါ်တားဆေး ကိုအသုံးပြုပါက အမျိုးသမီး ၁၀၀ မှာ အမျိုးသမီး ၁ ဦး သာ ကိုယ်ဝန်ရှိလာနိုင်ဖွယ် ရှိတယ် လို့ဆိုပါတယ်။

ကိုယ်ဝန်ပြန်ရဖို့ရော ထိခိုက်မှုရှိလား။

ကိုယ်ဝန်ပြန်ရဖို့ ကြန့်ကြာစေတာမျိုးမဖြစ်စေပါဘူး။ အရေးပေါ်တားဆေး သောက်ခြင်းဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်က ဖြစ်ခဲ့တဲ့ လိင်မှုကိစ္စကြောင့် ကိုယ်ဝန်မရအောင်သာ ကာကွယ်ပေးတာဖြစ်ပါတယ်။

ဆေးသောက်ပြီး ၂၄ နာရီ‌ ကျော်မှ ဖြစ်တဲ့ လိင်ဆက်ဆံမှုကြောင့် ရတဲ့ကိုယ်ဝန်ကိုတော့ ကာ ကွယ် မှာ မဟုတ်ပါဘူး။

အရေးပေါ်မဟုတ်တဲ့ သန္ဓေတားဖို့ ရန်အတွက် အမျိုးသမီးတွေအနေနဲ့ စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခုကို သုံးစွဲရပါမယ်။

အရေးပေါ်တားဆေးတွေမှာ‌ဘေးထွက်ဆိုးကျိုးတွေရှိလား။

အရေးပေါ်တားဆေး မှာ ဟော်မုန်းပါတဲ့အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့

ခေါင်းကိုက်တာ၊

ဗိုက်နာတာ၊

ပင်ပန်းနွမ်းနယ်တာ မောတာ၊

မူးတာ၊

ပျို့တာ၊

ရင်သားတွေနာတာဖြစ်တတ် ပါတယ်။ အမျိုးသမီးတစ်ဉီးနဲ့ တစ်ဉီး ခံစားရတာခြင်းတော့ မတူပါဘူး။

ဒီဘေးထွက်ဆိုးကျိုးတွေဟာ များသောအားဖြင့် ဆိုးဆိုးဝါးဝါးမဟုတ်ပဲ ရက်အနဲငယ်အကြာမှာ သက်သာသွားကြပါတယ်။ မခံနိုင်အောင် ဖြစ်ရင်တော့ ဆေးခန်းသွားဖို့ လိုပါတယ်။

နောက်ပြီး ရာသီလာတဲ့ အခါမှာလဲ စောလာတာ၊ နောက်ကျတာ ၊တစက်တစက်ဆင်းနေတာ မျိုးတွေဖြစ်တတ်ပါတယ်။

အရေးပေါ်တားဆေးတွေက နောက်တစ်ကြိမ်ရာသီလာခြင်းကိုထိခိုက်မှုရှိစေသလား။

ဆေးသောက်ပြီး ၁ ရက်/၂ ရက်နှင့် ရက်ပိုင်းအတွင်းတွင် ရာသီသွေးအနည်းငယ်ဆင်းတတ်ပါတယ်။ ရာသီသွေးပမာဏ အနည်းအများလည်း တစ်ဦးနှင့်တစ်ဦးမတူပါ။ ဒီလိုရာသီလာတဲ့အခါ ထိတ်လန့်မသွားပဲ စောင့်ကြည့်နိုင်ပါတယ်။

အကယ်၍ သွေးဆင်းအလွန်များခြင်း (သို့) ရက်ရှည်သည်အထိသွေးဆင်းမှုများရှိမည်ဆိုပါက နီးစပ်ရာ ဆရာဆရာမများနှင့် တိုင်ပင်ပြသနိုင်ပါတယ်။ဒါ့အပြင် ပုံမှန်ရာသီလာသောရက်ထက် ရက်အနည်းငယ် စော၍ သို့မဟုတ် နောက်ကျ၍ ဆင်းတတ်ပါသည်။

ပုံမှန် ရာသီလာရက် တစ်ပတ်ထက်ကျော်ပြီး ဓမ္မတာမပေါ်သေးပါကဆီးစစ်တံဝယ်ယူ၍ စစ်ကြည့်နိုင်ပါသည်။

အရေးပေါ်သန္ဓေတားဆေးနဲ့ ပတ်သက်ပြီး မှတ်သားရမယ့် အချက်တွေက ဘာတွေလဲ။

• ဆယ်ကျော်သက်များ အပါအဝင် အသက်အရွယ်မရွေး အမျိုးသမီးများ အသုံးပြုနိုင်ပါတယ်။

• ကိုယ်ဝန်ဖျက်ချပေးတဲ့ဆေးမဟုတ်ပါ။

• မျိုးအောင်ပြီးသား သန္ဓေသားတွယ်ကပ်ခြင်းကို တားမပေးပါ။

• ကိုယ်ဝန်ရှိလာပါက မွေးရာပါချို့ယွင်းချက်မဖြစ်စေပါ။

• အမျိုးသမီးတစ်ဦး၏ ကျန်းမာရေးအတွက် အန္တရာယ်မရှိပါ။

• အန္တရာယ်ရှိသောလိင်ပိုင်းဆိုင်ရာအပြုအမူများကို တိုးမြှင့်ပေးခြင်းမဖြစ်စေပါ။

• အမျိုးသမီးများကို မြှုံခြင်းမဖြစ်စေပါ။

• အမျိုးသမီးရာသီစက်ဝန်းတွင် တစ်ကြိမ်ထက်ပို၍ အသုံးပြုနိုင်ပါတယ်။

တစ်ချို့အမျိုးသမီးတွေက အရေးပေါ်သန္ဓေတားဆေးများကို ဘာကြောင့် သဘောကျကြတာလဲ။

• လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

• မလိုလားအပ်သောကိုယ်ဝန်ကိုကာကွယ်ရန် အတွက် ဒုတိယအကြိမ်အခွင့်အရေးဖြစ်တယ်။

• အတင်းအကျပ်လိင်ဆက်ဆံခံရခြင်း သို့မဟုတ် သန္ဓေတားဆေးသုံးခြင်းမှ တားမြစ်ခံထားရခြင်း ရှိပါကလဲ အရေးပေါ်တားဆေးသုံးပြီး ကိုယ်ဝန်မရအောင်တားနိုင်တယ်။

• ကိုယ့်ဖာသာ သုံးမလားမသုံးဘူးလားဆုံးဖြတ်လို့ရတယ်။

• သန္ဓေတားနည်း အမှားအယွင်းကြောင့် (သို့) သန္ဓေတားဆေးကို အသုံးမပြုတာကြောင့် ရရှိတဲ့ ကိုယ်ဝန်ဖျက်ချရန်လိုအပ်မှုကို လျှော့ချပေးတယ်။

• လိုအပ်မှ သုံးဖို့ ဆောင်ထားနိုင်တယ်။

အရေးပေါ်တားဆေးတွေကို တစ်ကြိမ်ထက်ပို၍အသုံးပြုနိုင်ပါသလား။

လိုအပ်ပါက ရာသီစက်ဝန်းအတွင်းတစ်ကြိမ်ထက်ပိုသုံးနိုင်ပါတယ်။

မကြာခဏ သုံးဖို့ လိုအပ်နေပြီဆိုရင်တော့ စိတ်ချရတဲ့ သန္ဓေတားနည်းတခုခုကို အသုံးပြုဖို့ စဉ်းစားရပါမယ်။

အရေးပေါ်တားဆေးတွေကို ပုံမှန်သုံးလို့ရမလား။

အရေးပေါ်တားဆေးဖြစ်တဲ့အတွက်ပုံမှန်မသုံးသင့်ပါ၊ အရေးပေါ်အခြေအနေတွေမှာသာသုံးသင့်ပါတယ်။

ဒီဆေးကို ရာသီစက်ဝန်းမှာ လိုအပ်တဲ့အချိန်တိုင်း သောက်လို့ရပါတယ်ဆိုပေမဲ့ ပုံမှန်ကိုယ်ဝန်တားနည်းတစ်ခုလို အသုံးပြုတာကတော့ မကောင်းပါဘူး။

ဘာ‌ကြောင့်လဲဆိုရင် ဒီဆေးကို ပုံမှန် သောက်တာက တခြားပုံမှန်ကိုယ်ဝန်တားနည်းတွေလောက် အပြည့်အဝထိရောက်မှုမရှိပါဘူး။ ဟော်မုန်းပမာဏများများပါလို့ ဘေးထွက်ဆိုးကျိုးတွေလဲ ပိုခံစားရနိုင်ပါတယ်။

အရေးပေါ်တားဆေးများကို HIV ရှိသော အမျိုးသမီးများအသုံးပြု ၍ ရပါသလား။

ART သောက်နေသောအမျိုးသမီးတွေ ဘေးကင်းစွာ အသုံးပြုလို့ရပါသလား။

HIV ရှိသော အမျိုးသမီးများရော ၊ ART သောက်နေသောအမျိုးသမီးများပါ အရေးပါတားဆေးကို ဘေးကင်းစွာ အသုံးပြုနိုင်ပါသည်။

ခန္ဓာကိုယ်အလေးချိန်များသည့် အမျိုးသမီးတွင် အရေးပေါ်တားဆေး အာနိသင် သက်ရောက်မှုရှိပါသလား။

ဗဟိုရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ သုတေသနပြုချက်များအရ အရေးပေါ်တားဆေး များသည် အဝလွန်သောအမျိုးသမီးများ (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း သို့မဟုတ် BMI 30 သို့မဟုတ် ထို့ထက်များသော) အဝလွန်သောအမျိုးသမီးများတွင် ကိုယ်ဝန်မရနိုင်ရန် ပုံမှန် အဝမလွန်သော အမျိုးသမီးများကဲ့သို့ မကာကွယ်ပေးနိုင်ပါ။

အကယ်၍ သင့် BMI ထက်များနေပါက၊ အရေးပေါ်သန္ဓေတားနည်းများအတွက် သင်၏ဆရာဝန် သို့မဟုတ် သူနာပြုအား ဆွေးနွေးရန်လိုအပ်ပါတယ်။

အရေးပေါ်တားဆေးသုံးခြင်းဟာ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်ပါသလား။

မကာကွယ်နိုင်ပါဘူး။ လိင်မှာတဆင့်ကူးစက်တတ်သောရောဂါတွေကို ကာကွယ်ဖို့ဆိုရင် ဘယ်လိုနည်းနဲ့ပဲ လိင်ဆက်ဆံသည်ဖြစ်စေ ကွန်ဒုံးအသုံးပြုရပါမယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!