Q&A (Questions & Answers)

ကျားမ အခြေပြု အကြမ်းဖက်မှု

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

ကျားမ အခြေပြုအကြမ်းဖက်မှု ဆိုတာဘာလဲ။

ကျားမ အခြေပြု အကြမ်းဖက်မှု (Gender Base Violence- GBV) ဆိုတာ ကျား/မ ကွဲပြားမှုကို အခြေပြုကာ တစ်ဉီး တစ်ယောက်ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ထိခိုက်နစ်နာစေရန် ကျူးလွန်တဲ့ အပြုအမူ မှန်သမျှကို ခြုံငုံဖော်ပြတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရစေတာတွေအပြင် ခြိမ်းခြောက်တာ၊ ဖိအားပေးတာ၊ လွတ်လပ်မှုကို ထိပါးစေတာ စတဲ့ လုပ်ဆောင်ချက်များလဲ ပါဝင်ပါတယ်။

ကျားမ အခြေပြုအကြမ်းဖက်မှု အမျိုးအစား ဘယ်လောက်ရှိလဲ။

စုစုပေါင်း (၆) မျိုးရှိပါတယ်။

၁။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

၂။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

၃။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

၄။ နှုတ်စကားဖြင့် အကြမ်းဖက်မှု

၅။ လူမှုစီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှု

၆။ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှုစသဖြင့်ရှိပါတယ်။

ကျားမ အခြေပြုအကြမ်းဖက်မှုတွေ ဟာဘယ်သူတွေကို ပို သက်ရောက်မှုရှိသလဲ။

• အမျိုးသမီးများ

• ကလေးငယ်များ

• လူငယ်များနှင့်တကွ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ

• လိင်စိတ်ခံယူမှုကွဲပြားသူများ

• လိင်ဖြင့်အသက်မွေးရသူများ

• အင်အားမညီမျှသူများ

• ခွဲခြားနှိမ့်ချခံရသူများ ကိုပိုထိခိုက်စေပါတယ်။

အတွေ့ရအများဆုံးက ဘာတွေလဲ။

အတွေ့ရအများဆုံးကတော့ ကလေး တွေ အပေါ် နဲ့ အမျိုးသမီးတွေ အပေါ်ကို မိသားစုဝင် သို့မဟုတ် ရင်းနှီးကျွမ်းဝင်သော လက်တွဲဖော်မှ အကြမ်းဖက်ခြင်း (Intimate Partner Violence- IPV) နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Sexual Assault) တို့ဖြစ်ပါတယ်။

အမျိုးသားတွေရော အကြမ်းဖက်ခံရတာမျိုးရှိသလား။

အမျိုးသားတွေ အကြမ်းဖက်ခံ ရတာတွေ ကြုံရတာတွေလဲရှိပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း မှာ ဘာတွေပါလဲ။

• မုဒိမ်းကျင့်ခြင်း၊ မုဒိမ်းကျင့်ရန် အားထုတ်ခြင်း၊ ကာယကံရှင်ဆန္ဒမပါဘဲ အင်အားသုံး၍ လိင်ဆက်ဆံခြင်း၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာအပြုအမူများ ပြုလုပ်ရန် တွန်းအားပေးခြင်း၊ လိင်ဆက်ဆံစဉ် ထိခိုက်နာကျင်စေအောင် အန္တရာယ်ပေးခြင်း

• လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း

• အလုပ်အကိုင်၊ အခွင့်အလမ်းအတွက် (သို့မဟုတ်) စားဝတ်နေရေး အခက်အခဲရှိသူကို လိင်ဆက်ဆံရန် ဖိအားပေးခြင်း

• နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာဖြင့်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ ညစ်ညမ်းရုပ်ပုံများ ပြသခြင်း

• လိမ်လည်လက်ထပ်ခြင်း

• အတင်းအကျပ် လက်ထပ်စေခြင်း၊ ကိုယ်ဝန်ဆောင်စေခြင်း၊ သားပျက်စေခြင်း၊ သားကြောဖြတ်စေခြင်း စသည်တို့ဖြစ်ပါတယ်။

အကြမ်းဖက်ခံရသူမှာ နောက်ဆက်တွဲ ဘာတွေကြုံနိုင်လဲ။

အကြမ်းဖက်မှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးရလဒ်များကတော့

• ရုပ်ပိုင်းဆိုင်ရာ – ဒဏ်ရာရခြင်း၊ ပုံမှန်လှုပ်ရှားသွားလာမှုများ မပြုလုပ်နိုင်ခြင်း၊ ရုပ်ဆင်းအင်္ဂါနှင့် ကိုယ်လက်အင်္ဂါများ ပျက်စီးခြင်း၊ မသန်စွမ်းခြင်း။

• စိတ်ပိုင်းဆိုင်ရာ – စိတ်ဓါတ်ကျခြင်း၊ ကြောက်ရွံ့ခြင်း၊ အိပ်မပျော်ခြင်း၊ အစာမစားနိုင်ခြင်း၊ သတ်သေလိုခြင်း၊ မိမိကိုယ်ကို တန်ဖိုးမထားတော့ခြင်း၊ ထိခိုက်ခံစားရပြီးနောက် စိတ်ဖိစီးမှု ဝေဒနာ (Post-Traumatic Stress Disorder) ရရှိခြင်း။

• နောက်ဆက်တွဲပြဿနာများ – နာတာရှည်နာကျင်ခြင်း၊ ဆီးလမ်းကြောင်း၊ အသက်ရှု လမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းရောဂါများ

• မျိုးဆက်ပွားကျန်းမာရေး – မျိုးပွားအင်္ဂါများ ရောင်ရမ်းခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ရရှိခြင်း၊ မလိုလားအပ်သော ကိုယ်ဝန်ရခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ ကိုယ်ဝန်နှင့်ဆိုင်သော ပြဿနာများဖြစ်ခြင်း

• အပြုအမူပိုင်းဆိုင်ရာ – အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်သုံးစွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ အန္တရာယ် အပြုအမူများ၊ ကိုယ့်ကိုကိုယ် အန္တရာယ်ပေးခြင်း စသည်တို့ဖြစ်ပါတယ်။

ကျားမအခြေပြုအကြမ်းဖက်မှုများဟာ နောက်ခံအကြောင်းအရင်း ဘာတွေကြောင့် ဖြစ်နိုင်တာလဲ။

• မတူကွဲပြားမှုများအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေခြင်း (ဥပမာ – မသန်စွမ်းမှု၊ အသက်အရွယ်၊ အိမ်ထောင်ရေး အခြေအနေ၊ အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင်အခြေအနေ၊ လူနေမှုအဆင့်အတန်း၊ HIV ပိုးရှိနေခြင်း၊ လိင်စိတ်ခံယူမှုစသည်)

• ဝေးလံခက်ခဲသော/လူပြတ်သော နေရာဒေသတွင် နေထိုင်/ အလုပ်လုပ်ကိုင်ရခြင်း၊ ပြောင်းရွှေ့နေထိုင်လုပ်ကိုင်ရခြင်း

• ကလေးများကို အိမ်တွင် ထားခဲ့ပြီး မိဘများမှာ အိမ်မှ ထွက်ခွာအလုပ်လုပ်ရခြင်း

• အရက်သေစာနှင့် မူးယစ်စိတ်ပြောင်းဆေးဝါးများ အလွဲသုံးမှုမြင့်မားခြင်း

• လူမှုမီဒီယာများကို ပို၍လက်လှမ်းမီလာပြီး လိင်မှုဆိုင်ရာ လှုံ့ဆော်မှုများကို အတုခိုးပြုလုပ်လာခြင်း

• ပဋိပက္ခနှင့် ဘေးအန္တရာယ်များ ဖြစ်ပွားခြင်း (နေရပ်စွန့်ခွာ ရွှေ့ပြောင်းရခြင်း၊ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရခြင်း)

• ဆင်းရဲနွမ်းပါး၍ စားဝတ်နေရေးကျပ်တည်းမှုအပေါ် အသာစီး ရယူကာ အကြမ်းဖက်ခံရခြင်း

• သြဇာအာဏာအလွဲသုံးပြီး အနိုင်အထက်ပြုကျင့်ခံရခြင်း

• တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ ဥပဒေဆိုင်ရာ အသိပညာ အားနည်းခြင်း

• အစွန်းရောက်အမျိုးသားကြီးစိုးရေးအတွေးအခေါ် (မဟာဖိုဝါဒ*) ကို ယုံကြည်ကျင့်သုံး၍ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားရေး၊ ပညာရေးစသည့်) စနစ်များတွင် ကျား၊မ ခွဲခြားကာ နှိမ်ချဆက်ဆံလိုသည့် တရားသေအစွဲများရှိနေခြင်း • ထိခိုက်နစ်နာစေသော ရိုးရာဓလေ့ထုံးစံများ၊ လူမှုရေးနှင့် ဘာသာရေးသွန်သင်ချက်များအား ဆန်းစစ်သုံးသပ်ခြင်း မရှိဘဲ လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူကျင့်သုံးခြင်း (ဥပမာ – *အမျိုးသားများမှာ မြင့်မြတ်သည်။

ဦးစားပေးရမည်။ အမြဲဦးဆောင်ဆုံးဖြတ်ရမည်။ အမျိုးသမီးများမှာ တန်ဖိုးမရှိ၊ အသိဉာဏ်ပိုနည်းသည်။ မိသားစုနှင့် သားသမီးများ အတွက် အမြဲအနစ်နာခံရမည်။) စသည်တို့ကြောင့် အကြမ်းဖက်မှုကို ပိုမိုဖြစ်ပွားစေပါသည်။

ကျားမအခြေပြု အကြမ်းဖက်မှု ဟာ ဘယ်လောက်ထိပြဿနာရှိတာလဲ။

 အကြမ်းဖက်မှုများဟာ ပုံမှန်ဓလေ့သဖွယ် ဖြစ်ပွားနေပြီး လူ့အသိုက်အဝန်းတွင် လူအများမှ အလေးအနက်မထားသော ပြဿနာတစ်ရပ်အဖြစ်တည်ရှိနေပါတယ်။ အင်အားနည်းပါးသူမည်သူမဆို ကျူးလွန်ခံရနိုင်ခြေရှိပြီး ကျား၊ မအခြေပြုအကြမ်းဖက်မှုများဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပါတယ်။

အမျိုးသမီးများအပေါ် ခွဲခြားနှိမ်ချဆက်ဆံမှု၊ အမျိုးသမီးနှင့် အမျိုးသားများအကြား သြဇာအာဏာနှင့် အင်အားမညီမျှမှုများဟာ ကျား၊မအခြေပြုအကြမ်းဖက်မှုများရဲ့ အကြောင်းရင်းလည်းဖြစ်သလို နောက်ဆက်တွဲအကျိုးဆက်လည်း ဖြစ်ပါတယ်။

ထို့ပြင် ကျူးလွန်ခံရသူများရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးတို့အပေါ် ဆိုးရွားစွာ ထိခိုက်စေနိုင်သော ပြည်သူ့ကျန်းမာရေးပြဿနာလည်း ဖြစ်ပါတယ်။

PUI မျိုးဆက်ပွားကျန်းမာရေး ဆေးခန်းများမှာ ကျားမ အခြေပြု အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးဘယ်လိုဝန်ဆောက်မှုတွေရနိုင်တာလဲ။

၁။ အကြမ်းဖက်မှုကြောင့် ဖြစ်နိုင်သော လက္ခဏာများကို ဖေးမဆွေးနွေးပေးခြင်း

၂။ ကနဦးကူညီပံ့ပိုးမှုများ ပေးခြင်း

၃။ ဆေးကုသစောင့်ရှောက်မှုများ ပေးခြင်း

၄။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်း

၅။ အခြားဝန်ဆောင်မှုများ၊ လူမှုရေးကူညီပံ့ပိုးမှုများ နှင့်ချိတ်ဆက်နိုင်ရန် ကူညီပေးခြင်း စသည့် ဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိပါတယ်။

ကျားမအခြေပြု အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဘာတွေအဓိက မှတ်သားထားရမလဲ။

• အကြမ်းဖက်မှုအတွက် အကြောင်းပြချက် (သို့မဟုတ်) ဆင်ခြေ တစုံတရာကို လက်ခံပေးနိုင်စရာ မရှိပါ။ ကျူးလွန်သူ၏ အပြစ်သာဖြစ်ပါတယ်။

• အကြမ်းဖက်ခံရပြီ ဆိုလျှင် ကြိတ်မှိတ်လက်ခံ ပေးစရာမလိုပဲ အကူအညီ ရနိုင်တဲ့ နီးစပ်ရာနေရာများကို ဆက်သွယ်အသိပေးဖို့ ရန်အရေးကြီးပါတယ်။

• အကြမ်းဖက်ခံရသူရဲ့ လုံခြုံရေး နဲ့ ကျန်းမာရေး ဟာ အဓိကဉီးစားပေးဖြစ်ပါတယ်။

• ကျန်းမာရေး ရှုထောင့် က အသိပေးရမယ်ဆိုရင် ဒီလိုအကြမ်းဖက်ခံရပြီး ဘယ်လောက်ထိခိုက်မှုရှိတာ၊ HIV ပိုးကူးစက်ခံရနိုင်ချေတွေ ရှိနေတာဆိုရင် PEPs – Post exposure prophylaxis ဆေးကို ၄၈ နာရီ အတွင်းပေးရတာတွေ၊ အရေးပေါ် သန္ဓေတားဆေးကို ၇၂ နာရီ အတွင်းသောက်ရတာတွေ၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအတွက် ဆေးပေးရတာတွေ လုပ်ဖို့လိုတဲ့အတွက် နီးစပ်ရာ ဆေးဘက်ဆိုင်ရာ အကူအညီသည် အလွန်ပဲ အရေးကြီးပါတယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!