Q&A (Questions & Answers)

ဆစ်ဖလစ်ရောဂါ

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

ဆစ်ဖလစ်ရောဂါ ဆိုတာ ဘာလဲ။

ဆစ်ဖလစ်ရောဂါ ဆိုတာ Treponema Pallidum ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပြီး လိင်ဆက်ဆံရာမှ တဆင့် အဓိကကူးစက်ပါတယ်။

ရောဂါရဲ့ လက္ခဏာအစမှာတော့ လိင်အင်္ဂါ၊ စအို၊ ပါးစပ်တဝိုက်မှာ နာကျင်မှုမရှိသောအနာများ ဖြစ်ပွား တာတွေ့ရပါတယ်။

အဲ့ ဒီ အနာတွေကို တစ်ဦးနှင့်တစ်ဦး အရေပြား(သို့)အမြှေးပါး ချင်း ထိတွေ့ခြင်းကနေ ရောဂါ ကူးစက်တာဖြစ်ပါတယ်။ မိခင်မှ ကလေးကိုလဲ ကိုယ်ဝန်ဆောင်နေစဉ် မှာ ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဆစ်ဖလစ်ရောဂါမှာ ရောဂါလက္ခဏာတွေက အဆင့်အလိုက်ကွာခြားပါတယ်။

ဒါပေမဲ့ တခါတလေ အဲ့လိုအဆင့်အတိုင်းကြီးပဲပေါ်တတ်တာမျိုးမဟုတ်ပဲ ဘယ်အဆင့်လဲပြောမရအောင် ရောနေတာတွေလဲတွေ့ရတတ်ပါတယ်။

ဘာရောဂါလက္ခဏာမှ မပြပဲလဲရှိနေနိင်ပါတယ်။

ပထမအဆင့်

ဆစ်ဖလစ်ရောဂါ ရဲ့ ပထမဆုံးလက္ခဏာကတော့ chancre လို့ခေါ်တဲ့ အနာသေးသေးလေးစထွက်လာတာ ဖြစ်ပါတယ်၊ ဘက်တီးရီးယားပိုးတွေ ခန္ဓာကိုယ်ထဲကို စဝင်လာတဲ့ နေရာမှာ အနာပေါ်လာတာဖြစ်ပါတယ်။ ဆစ်ဖလစ်ရောဂါကူးစက်ခံရသူအများစုမှာ အဲ့လိုအနာ တစ်နေရာထဲမှာသာ ဖြစ်တတ်တာ တွေ့ရတာများသော်လည်း အချို့တွေမှာ အနာတစ်ခုထက်ပိုတွေ့ရတာတွေလဲ ရှိပါတယ်။

အနာဟာဆိုရင် ပိုးဝင်ပြီး ၃ပတ်ခန့်အကြာမှာ စတင်ပေါ်ပေါက်တတ်ပါတယ်။ အဲ့ဒီ အနာတွေဟာ မနာကျင်တဲ့အပြင် စအိုတွင်း(သို့) မိန်းမကိုယ် အတွင်းနေရာတွေမှာ ကွယ်နေတတ် တာကြောင့် တချို့ ရောဂါရှိနေသူတွေ တောင် သတိမထားမိတတ်ကြပါဘူး။ ဒါ့အပြင် ဒီအနာတွေဟာ ၃ ပတ်မှ ၆ ပတ်အတွင်းအလိုလို သက်သာသွားတတ်ပါတယ်။

ဒုတိယအဆင့်

ပထမအဆင့်အနာကျက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်လုံးပိုင်းမှာ အနီကွက်တွေ စတင်ဖြစ်လာပြီး လက်ဖဝါး၊ခြေဖဝါး အပါအဝင် တစ်ကိုယ်လုံးကို ပြန့်နှံ့သွားတတ်တာတွေ့ရပါတယ်။ အဲ့ဒီ အနီကွက်တွေဟာ ယားယံခြင်း မရှိပါဘူး။ ပါးစပ်နှင့်လိင်အဂါင်္အနီးတစ်ဝိုက်မှာဆိုရင် ကြွက်နို့ကဲ့သို့သော အဖုလေးများပါတွဲ ဖြစ်တတ်ပါတယ်။

အချို့တွေမှာ ဆံပင်ကျွတ်ခြင်း၊ကြွက်သားနာခြင်း၊ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ လည်ချောင်းနာခြင်း နှင့် ပြန်ရေကြောအကျိတ်များကြီးခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ ဒီ လက္ခဏာတွေဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းပျေက်ကင်းသွားတတ်သလို ခနခန ဖြစ်လိုက်ပျောက်လိုက်ဖြစ်ပြီး တစ်နှစ်လောက်လည်းကြာသွားတတ်ပါတယ်။

ငုပ်လျိုးအဆင့်

အကယ်၍ ကုသမှုသေချာမလုပ်ခဲ့ ရင် ကာလသားရောဂါဟာ ဒုတိယအဆင့်ကနေ ဘာရောဂါ လက္ခဏာမှ မပြတဲ့ ငုပ်လျိုးသောအဆင့်လဲ ပြောင်းသွားတတ်ပါတယ်။ ငုပ်လျိုးအဆင့်ဟာ နှစ်နှင့်ချီကြာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ လုံးဝမပေါ်လာတော့တာ (သို့) တတိယအဆင့် ကိုကူးပြောင်းသွားတာတွေ ဖြစ်နိုင်ပါတယ်။

တတိယအဆင့်

ကုသမှုမခံယူသော ဆစ်ဖလစ်ကူးစက်ခံရသူများ၏ ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်ဟာ တတိယအဆင့် ဆစ်ဖလစ် ထိဖြစ်သွားတတ်ပါတယ်။ ဒီအဆင့်မှာ ရောဂါကြောင့် ဦးနှောက်၊ အာရုံကြော၊ မျက်စိ၊ နှလုံး၊ သွေးကြော၊ အသည်း၊ အရိုးများနှင့် အဆစ်များကို ပျက်စီးစေနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး နှစ်အတော်အကြာမှာ ဒီ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

မွေးကင်းစကလေးများတွင် ဖြစ်သော ဆစ်ဖလစ်ရောဂါဆိုတာဘာလဲ။

ကာလသားရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်မှ တဆင့် ကလေးဆီကို ကိုယ်ဝန်ဆောင်ချိန် (သို့) ကလေးမွေးဖွားချိန်မှာ ကူးစက်တတ်ပါတယ်။

ဆစ်ဖလစ်ရောဂါပိုးကူးစက်ခံရသော ကလေးအများစုမှာ အစဦးပိုင်း ရောဂါလက္ခဏာမပြတတ် ပေမဲ့ တချို့ ကလေးငယ်များမှာတော့ လက်ဖဝါး ခြေဖဝါးများမှာ အနီကွက်ပေါ်လာတာတွေ ရှိတတ်ပါတယ်။

နောက်ပိုင်းမှာ နားပင်းခြင်း၊ သွားများပုံပျက်ခြင်း၊ နှာခေါင်းရိုးပုံပျက်ခြင်း- မြင်းကုန်းနှီးကဲ့သို့နှာခေါင်းဖြစ်ခြင်း တို့ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ ဆစ်ဖလစ်ရောဂါဖြစ်ရင် ဘာတွေဖြစ်နိုင်လဲ။

ကိုယ်ဝန်ဆောင်စဉ် ဆစ်ဖလစ်ရောဂါကြောင့် ကလေးစောမွေးတာ၊ ဗိုက်ထဲမှာတင်ကလေးသေဆုံးတာ၊ မွေးပြီးခနမှာ ကလေးသေဆုံးသွားတာတွေ ဖြစ်နိုင်ပါတယ်။

ဆစ်ဖလစ်ရောဂါကို ဘယ်လို စမ်းသပ်စစ်ဆေးနိုင်သလဲ။
  • ဆရာဝန်မှ ကျန်းမာရေးရာဇဝင်များ မေးခြင်း နှင့် လက်တွေ့ စမ်းသပ်ခြင်း အထူးသဖြင့် လိင်အင်္ဂါ၊ ပါးစပ်နှင့် စအိုတို့ကို သတိထားကြည့်ခြင်းဖြင့် ရောဂါ အဖြေရှာ အတည်ပြုခြင်း။
  • သွေးစစ်ခြင်း
  • ရောဂါပိုးကို တိုက်ဖျက်ရန် ခုခံအားစနစ်မှ ထုတ်ပေးသော antibody ဆိုတဲ့ အရာများပါဝင်မှုကို အတည်ပြုစစ်ဆေးခြင်း။
ဆစ်ဖလစ်ရောဂါကို ဘယ်လို ကုသရသလဲ။

စောသိလေ ကုသရပိုလွယ်လေပါပဲ။ရောဂါဖြစ်ပြီး အစောပိုင်းမှာ ကုသမှုခံယူမယ်ဆိုရင် အမြစ်ပြတ်ကုသဖို့ ပိုလွယ်ပါတယ်။

ဆေးကုသမှုအနေနဲ့ အဓိကကတော့ Penicillin – ပင်နီဆလင်ဆေးပေးပြီး ကုသရတာဖြစ်ပါတယ်။

ပင်နီဆလင်နဲ့ ဓာတ်မတည့်သူတွေအတွက် Tetracycline, Doxycycline အစရှိတဲ့ ပဋိဇီဝပိုးသတ်ဆေးပေးပြီး ကုသလို့ရပါတယ်။

ပိုးကူးစက်ခံရတာကြာလေလေ ရောဂါအဆင့် ပြင်းထန်လေဖြစ်ပြီး ဆေးကုသချိန်ပိုကြာတတ်ပါတယ်။

ကုသနေစဉ်ကာလအတွင်းမှာ လိင်အပျော်အပါးကိစ္စကို လုံးဝရပ်ထားဖို့လိုပါတယ်။

ဆစ်ဖလစ်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ။

အကာအကွယ်မဲ့လိင်ဆက်ဆံတာကို ရှောင်ပါ။

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။

ရောဂါပိုးကူးစက်ခံ ရ ပြီလို့ သံသယရှိတဲ့အခါ ကုသမှုခံယူဖို့ လက်မနှေးပါနဲ့။

ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလဲ စစ်ဆေးကုသမှုခံယူစေပါ။

ကိုယ်ဝန်မဆောင်ခင်မှာ မိခင်အနေနဲ့ ရောဂါကင်းစင်နေဖို့၊ ဗိုက်ထဲက ကလေးကို မထိခိုက်စေဖို့ ရောဂါတွေကို ကြိုတင်စစ်ဆေးထားပါ။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!