Q&A (Questions & Answers)

ဆီးပူညောင်းကျ ရောဂါ (ဂနိုရောဂါ)

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

ဆီးပူညောင်းကျရောဂါ (ဂနို) ဆိုတာဘာလဲ။

လိင်ဆက်ဆံရာမှ တဆင့်ကူးစက်တဲ့ ရောဂါ ဖြစ်ပြီး Neisseria gonorrhoeae ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။

ဂနိုပိုးတွေဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ အဓိက ပေါက်ပွားလေ့ရှိသလဲ။

ခန္ဓာကိုယ်ရဲ့ပူနွေးစိုစွတ်တဲ့နေရာတွေဖြစ်တဲ့

• လိင်တံ၊

• မိန်းမကိုယ် နဲ့ မွေးလမ်းကြောင်းတလျှောက်

• ဆီးလမ်းကြောင်းတလျှောက်၊

• စအို

• မျက်လုံး၊

• လည်ချောင်း

တို့လိုနေရာမျိုးမှာ အများဆုံး ပေါက်ပွားလေ့ရှိပါတယ် ။

ဘယ်အသက်အရွယ်မှာ အများဆုံးဖြစ်တာလဲ။

အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိင်တယ်ဆိုပေမဲ့ လိင်ကိစ္စ စိတ်အဝင်စားဆုံးဖြစ်တဲ့ လူငယ်ပိုင်း အသက် ၁၅ ကနေ ၂၄ အတွင်း နဲ့ လိင်ဆက်ဆံဖော်အရေအတွက်များတဲ့ သူတွေ ပိုဖြစ်ပါတယ်။

ဂနိုရောဂါကို မကုသပဲထားမယ်ဆိုရင် ဘာဖြစ်နိုင်လဲ။

ဂနိုရောဂါကို မကုသပဲထားမယ်ဆိုရင်တော့ ရေရှည် ကျန်းမာရေးထိခိုက်တာတွေ အပြင် တချို့တွေမှာ မျိုးအောင်နိင်ခြင်း မရှိတော့တာတွေထိ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ သေချာကုသလိုက်ခြင်းအားဖြင့် ဒီလို ဖြစ်လာမယ့် ဆိုးကျိုးတွေကို တားဆီး နိုင်ပါတယ်။

ဘယ်လို ကူးစက်တတ်တာလဲ။

ဂနို ရောဂါဖြစ်နေတဲ့ လူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိရာကနေ ကူးစက်တတ်ပါတယ်။ မိန်းမကိုယ်နဲ့ လိင်ဆက်ဆံတာပဲ ဖြစ်ဖြစ်၊ ပါးစပ်နဲ့ လိင်ဆက်ဆံတာပဲဖြစ်ဖြစ် စအိုနဲ့ လိင်ဆက်ဆံတာ ဖြစ်ဖြစ် အကုန်လုံးက ကူးစက်နိုင်တဲ့ နည်းတွေပါ။

လိင်ဆက်ဆံရာမှ ကူးတာအပြင် အာသာဖြေရာမှာ သုံးတဲ့ လိင်အထောက်အကူ ပစ္စည်းများ ကို ရောဂါပိုးရှိသူနဲ့ မျှဝေသုံးစွဲရာကနေလဲ ကူးနိုင်ပါသေးတယ်။

မိခင်မှ ကလေးကို ကူးစက်နိုင်သလား။

ဆီးပူညောင်းကျရောဂါဖြစ်နေတဲ့အမေကနေ ကလေးဆီကို မီးဖွားတဲ့အချိန်မှာ ကူးစက်နိုင်ပါတယ်။

တစ်ခါဖြစ်ဖူးတဲ့လူဟာ နောက်တစ်ခါပြန်ဖြစ်နိုင်လား။

ဂနို ရောဂါ ဖြစ်ဖူးတဲ့လူဟာ နောက်တခါထပ်ဖြစ်ဖို့ အလားအလာပိုများပါတယ်။ မကုသပဲ ထားမယ်ဆိုရင် တခြားသော လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ဖြစ်နိင်ချေကို မြင့်တက်စေပါတယ်။

ဂနိုရောဂါလက္ခဏာတွေက ဘယ်တော့စ ပြတတ်သလဲ။

ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက် ကနေ ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေ စပြတတ်ပါတယ်။ ရက် ၃၀ ကြာပြီးမှ ရောဂါလက္ခဏာပြတဲ့ သူတွေလည်း ရှိပါတယ်။

တချို့ကျတော့လည်း ရောဂါပိုးရှိနေပေမယ့် ဘာရောဂါလက္ခဏာမှ မခံစားရတဲ့ သူတွေလည်း ရှိပါတယ်။

ဒီလိုရောဂါလက္ခဏာတွေ မပြတဲ့သူတွေက သူတို့မှာ ရောဂါရှိနေမှန်း မသိကြတော့ ဆေးကုသမှု မခံယူကြ တဲ့ အတွက် ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုခံစားရတတ်ပါတယ်။

ဒါ့အပြင် ဒီလူတွေကပဲ အခြားသူတွေကို ကူးစက်စေဖို့ အခွင့်အလမ်းပိုများစေတာဖြစ်ပါတယ်။

အမျိုးသားများမှာ တွေ့ရလေ့ရှိတဲ့ ဂနိုရောဂါလက္ခဏာတွေကဘာတွေလဲ။

ပထမဆုံးစတင်သတိထားမိမှာကတော့ ဆီးပူတာနဲ့ ဆီးသွားနေတုန်းနာကျင်တာပဲဖြစ်ပါတယ်။

တခြားတွေ့နိုင်တဲ့ လက္ခဏာတွေကတော့

• ဆီးခနခနသွားခြင်း၊ ဆီးပူဆီးကျင်ခြင်း ၊ဆီးအောင့်ခြင်း

• လိင်တံထိပ်မှ ပြည်ကဲ့သို့သော အရည်များထွက်ကျခြင်း (အရည်ဟာ အဝါ အဖြူ အညို အစိမ်းစသဖြင့် အရောင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်)

• လိင်တံထိပ်ဝ တွင် အရောင်ပြောင်းခြင်း၊ ယောင်ရမ်းခြင်း

• ဝှေးစေ့နာခြင်း (သို့) ယောင်ခြင်း

• စအိုအဝမှာ ယားခြင်း၊ နာခြင်း

• စအိုမှ‌ သွေးထွက်ခြင်း (သို့) အရည်ထွက်ခြင်း

• ဝမ်းသွားလျှင် ပုံမှန်ထက်ပို၍ ညှစ်ရခြင်း တို့ဖြစ်ပါတယ်။

အမျိုးသမီးများဆိုရင် တွေ့ရလေ့ရှိတဲ့ ဂနိုရောဂါလက္ခဏာတွေကဘာတွေလဲ။

များသောအားဖြင့် အပျော့စားလက္ခဏာလေးတွေတာ စတွေ့ရတတ်ပါတယ်။ ဒါ့အပြင် ဒီ လက္ခဏာတွေဟာ မိန်းမကိုယ်ကို အခြား ဘက်တီးရီးယားပိုး၊ မှိုပိုး ဝင်တဲ့ လက္ခဏာများနဲ့ အလွန်ဆင်တူတာမို့လို့ သတိမထားမိတတ်ကြပါဘူး။

တွေ့နိုင်တဲ့ လက္ခဏာတွေကတော့

• မိန်းမကိုယ်မှ အဖြူဆင်းခြင်း (အရည်ကြည် (သို့) ခပ်ပျစ်ပျစ် (သို့) အစိမ်းရောင်)

• ဆီးပူ ဆီးကျင်ခြင်း၊ ဆီးအောင့်ခြင်း

• ဆီးခနခန သွားခြင်း

• ရာသီသွေးဆင်းများခြင်း (သို့) ရာသီတစ်ခုနှင့်တစ်ခုကြားတွင် သွေးဆင်းခြင်း

• အမျိုးသားနှင့် အတူနေစဉ်နာကျင်ခြင်း

• ဝမ်းဗိုက်အောက်ပိုင်း ခပ်စူးစူးနာခြင်း

• စအိုတွင် ယားယံခြင်းနှင့် နာကျင်ခြင်း။

• စအိုမှ သွေးထွက်ခြင်း သို့မဟုတ် အရည်ဆင်းခြင်း။

• ဝမ်းသွားလျှင် ပုံမှန်ထက်ပို၍ ညှစ်ရခြင်း တို့ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ဂနို ရောဂါ ဖြစ်ရင် ဘာတွေဖြစ်နိုင်လဲ။

• သားပျက်သားလျှောြဖစ်ခြင်း

• လမစေ့ခင်ကလေးစောမွေးခြင်း နဲ့

• မွေးလာတဲ့ကလေးမှာ မျက်မြှေးယောင်ရောဂါ ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

မွေးကင်းစ ကလေးများတွင်တွေ့ရ သော ဂနိုရောဂါ ဆိုတာဘာလဲ။

ဂနိုရောဂါဟာမိခင်မှ ကလေးကို မီးဖွားချိန်မှာ ကူးစက်နိုင်ပါတယ်။

မွေးကင်းစ ကလေးများတွင်တွေ့ရ သော ဂနိုရောဂါ လက္ခဏာတွေကဘာတွေလဲ။

မွေးပြီး ၂ပတ်အတွင်းမှာ ကလေးမျက်လုံးမှာ ရောဂါလက္ခဏာတွေပေါ်တတ်ပါတယ်။ မျက်လုံးနီတာ ယောင်တာ နဲ ပြည်ကဲ့သို့ပျစ်သော မျက်ဝတ်ထွက်တာတွေဖြစ်ပါတယ်။

အခြားဂနိုရောဂါ လက္ခဏာ ပြနိုင်တဲ့နေရာ တွေရှိသေးလား။

ဂနိုရောဂါဟာ လည်ချောင်း၊ ခံတွင်း နဲ့ မျက်လုံး မှာလည်းဖြစ်နိုင်ပါတယ်။

ခံတွင်းဂနို ရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။

• လည်ချောင်းနာခြင်း၊

• လည်ချောင်းတွင် ယောင်ရမ်းခြင်းနှင့် နီမြန်းခြင်း။

• သင့်လည်ပင်းရှိ အကျိတ် များ ယောင်ရမ်းခြင်း။

• ဖျားခြင်း တို့ဖြစ်ပါတယ်။

ဂနိုရောဂါ ဟာမျက်လုံးကို ကူးစက်နိုင်ပါသလား။

ဂနိုရောဂါဟာ မျက်လုံးများသို့လည်း ကူးစက်နိုင်ပါတယ်။ များသောအားဖြင့် လိင်အင်္ဂါ သို့မဟုတ် ရောဂါပိုးရှိတဲ့နေရာကို လက်နဲ့ ထိမိပြီး လက်ကို သေချာမဆေးမီ ထိုလက်နဲ့ မျက်လုံးကို ထိလိုက်ခြင်းအားဖြင့် ကူးစက်ပါတယ်။

ဂနိုရောဂါကြောင့် မျက်မြှေးယောင်ခြင်း သို့မဟုတ် မျက်လုံးဂနိုရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။

• မျက်စိနာခြင်း၊ ယားယံခြင်း

• မျက်ခွံတွင် ယောင်ရမ်းခြင်း။

• မျက်လုံးနီမြန်းယောင်ရမ်းခြင်း။

• မျက်လုံးတစ်ဝိုက်တွင် အဖြူရောင် သို့မဟုတ် အဝါရောင် မျက်ဝတ်များထွက်ခြင်းတို့ဖြစ်ပါတယ်။

ဂနိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ။

အမျိုးသမီးများ အနေနဲ့ ဂနိုရောဂါကို ဆေးမကုပဲထားရင် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မျိုးပွားအဂ်ါတစ်လျှောက် သားအိမ်၊ သားဥပြွန်နဲ့ သားဥအိမ် အားလုံးကို ထိခိုက်စေပါတယ်။ အဲ့လိုကနေပြီး တင်ပါးဆုံတွင်း ရောင်ရမ်းခြင်းရောဂါ (PID) ဟုခေါ်သော အခြေအနေသို့ ဦးတည်သွားစေနိုင်ပါတယ်။ PID သည် ပြင်းထန်သော၊ နာတာရှည် နာကျင်မှုနှင့် မျိုးပွားအင်္ဂါ ပျက်စီးမှုတို့ကိုဖြစ်စေနိုင်ပါတယ်။

သားဥပြွန်များ ပိတ်ဆို့ခြင်း သို့မဟုတ် အမာရွတ်ဖြစ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

• ကိုယ်ဝန်ရဖို့ ပိုခက်ခဲစေတယ်။

• သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း ectopic pregnancy တွေ ဖြစ်စေပါတယ်။

အမျိုးသားတွေမှာဆို ဂနိုရောဂါ မကုသဘဲ ထားပါက

• ဆီးလမ်းကြောင်းအမာရွတ်ဖြစ်ခြင်း

• လိင်တံအတွင်း၌ နာကျင်သောပြည်တည်နာဖြစ်ပြီး မျိုးပွားမှုကို ထိခိုက်စေနိုင်ခြင်း

• ဝှေးစေ့အနီးရှိ သုက်ရည်သယ်ဆောင်သည့်ပြွန်များရောင်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။

ဂနိုရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုး အဆိုးဆုံးအနေနဲ့ကတော့ သွေးကြောများမှတစ်ဆင့် အခြားသော ခန္ဓာကိုယ်အစိတ် အပိုင်းများသို့ ဂနိုရောဂါပျံ့နှံ့သွားနိုင်ပြီး သွေးဆိပ်တက်ခြင်း၊အဆစ်အမြစ်တွေ ညောင်းကိုက်ရောင်ရမ်းခြင်းတို့ ထိဖြစ်နိုင်ပါတယ်။ သို့သော် ဒီလိုအဆင့်ထိဖြစ်တာမျိုးက အင်မတန်ရှားပါတယ်။

ကလေးတွေမှာ ဂနိုကြောင့်ဖြစ်တဲ့မျက်မြှေးရောင်ရောဂါ ကို မကုသဘူးဆိုရင် မျက်လုံးကွယ်ခြင်း အထိဖြစ်နိုင်ပါတယ်။

ဂနိုရောဂါကို ဘယ်လိုကုသရတာလဲ။

ဂနိုရောဂါကို ပိုးသတ်ဆေး သောက်ဆေး သို့မဟုတ် ထိုးဆေး အသုံးပြုပြီး ကုသရမှာ ဖြစ်ပါတယ်။ အိမ်သုံးကုထုံးများဖြင့် ကုသ၍မရပါ။ ရောဂါပိုးရှိသူကိုသာမက ၎င်းရဲ့အဖော်ဖြစ်သူ (လိင်ဆက်ဆံဖော်) ကိုပါ တပြိုင်တည်းကုသဖို့ လိုအပ်ပါတယ်။

လိင်ဆက်ဆံဖော်မှာ ရောဂါလက္ခဏာရှိရှိ မရှိရှိ ကုသရပါမယ်။ ဆေးကုသမှု မပြီးဆုံးခင် ပြီးဆုံးပြီး ၁ ပတ်ကြာသည်အထိ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ဖို့လိုပါတယ်။

ဂနိုရောဂါရှိမှန်းဘယ်လိုသိနိုင်မလဲ။

လူနာ၏ ရောဂါရာဇဝင် အသေးစိတ်နှင့် ဆရာဝန်၏တွေ့ရှိချက်များကို ဆက်စပ်ခြင်း။

ရောဂါလက္ခဏာများကို စစ်ဆေးကြည့်ခြင်း။

လိင်အင်္ဂါမှထွက်သော အရည်ကိုဂွမ်းစဖြင့် ယူကာ ဓါတ်ခွဲစစ်ဆေးခြင်း။

ဆီးစစ်ခြင်း တို့ဖြင့် သိနိုင်ပါတယ်။

ဂနိုရောဂါ တစ်ခါဖြစ်ပြီး နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်လား။

တစ်ကြိမ်ဖြစ်ပြီးလဲ နောက်တခါပြန်ဖြစ်တတ်ပါတယ်။ ရောဂါပိုးတစ်ခါ ဝင်ထားဖူးပြီး ကုသလို့ ပျောက်သွားတဲ့အခါ ကိုယ်တွင်းမှာ ရောဂါပိုးကို တိုက်တဲ့ပဋိဇီဝပစ္စည်းတွေ ကျန်မနေတာကြောင့် ရောဂါပိုးနဲ့ ပြန်ထိတွေ့တာနဲ့ အကြိမ်ကြိမ်ထပ်ဖြစ်နိုင်ပါတယ်။

ပထမတစ်ခါဖြစ်ဖူးပြီး နောက်တစ်ခါ ထပ်ဖြစ်ရင် ရောဂါ ရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်ဖို့ အခွင့်အလမ်းပိုများသွားတတ်ပါတယ်။

ဂနိုရောဂါကို ဘယ်လိုကာကွယ်ရမလဲ။

ဂနိုရောဂါဟာ လိင်ဆက်ဆံရာမှတဆင့် အဓိကကူးစက်တာဖြစ်တဲ့အတွက် ကာကွယ်ဖို့ဆိုရင်

• အပျော်ပါးလိုက်စားတာရှောင်ပါ။

• ဘယ်လိုလိင်ဆက်ဆံမှု (ပါးစပ်နဲ့ သို့မဟုတ် စအိုနဲ့ သို့မဟုတ် မိန်းမကိုယ်နဲ့) ဖြစ်ဖြစ် ကွန်ဒုံးသုံးပါ။

• အာသာဖြေရာတွင်ပစ္စည်းများသုံးပြီးဖြေပါကလည်း မိမိပစ္စည်းကိုမျှဝေသုံးစွဲခြင်း၊သူတပါးပစ္စည်းများကိုမျှဝေသုံးစွဲခြင်းတွေကိုရှောင်ပါ

• ကိုယ့်မှာ ရောဂါရှိနေပြီလို့ သံသယရှိတဲ့အခါ ဆေးကုသမှုသေချာခံယူပါ။ ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ကိုလဲ ဆေးကုသမှုခံယူစေပါ။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!