Q&A (Questions & Answers)

ရာသီထိန်ခြင်း

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

ဓမ္မတာရာသီ ဘာလို့နောက်ကျတာလဲ။

ပုံမှန်ရာသီလာခြင်းဟာ ဘယ်လောက်ထိ နောက်ကျနိုင်သလဲ။ ရာသီထိန်ခြင်း ရာသီလာချိန်နောက်ကျခြင်းဟာ ကိုယ်ဝန်ရှိနေခြင်းကြောင့် မဟုတ်ပဲ တခြားအကြောင်းတွေကြောင့်လဲဖြစ်နိုင်ပါတယ်။

ဒီလိုမျိုးတွေ ဖြစ်စေတဲ့ အကြောင်းရင်းကတော့ ဟော်မုန်းမညီမျှခြင်းတွေ အပြင် တခြားဖြစ်နိုင်တဲ့ ရောဂါအခြေအနေတွေ အများကြီးရှိပါတယ်။ အပျိုဖော်ဝင်ကာစ အချိန်နဲ့ သွေးဆုံးချိန်တွေမှာ ဆိုရင်လဲ ဒီလို ရာသီထိန်တာ၊ နောက်ကျတာတွေ၊ ရာသီမမှန်တာတွေ အဖြစ်များပါတယ်။

ရာသီစက်ဝန်း (လတလရဲ့ ပထမဆုံးရာသီလာရက် ကနေ နောက်လ ပထမဆုံးရာသီလာရက်ကြားကြာချိန်) ဟာ အမျိုးသမီးအများစုမှာ ၂၈ ရက်ကြာတတ်ပါတယ်။ အနည်းဆုံး ၂၁ ရက် ကနေ အများဆုံး ရက် ၄၀ ထိ ရာသီစက်ဝန်းကြာချိန် အမျိုးမျိုးတွေ့ရပါတယ်။

ဘာကြောင့်ကြာတာလဲ။

အောက်ပါအကြောင်းချင်းရာတွေကြောင့် အဖြစ်များပါတယ်။

၁။ စိတ်ပင်ပန်းမှုများခြင်း

ကြာရှည် စိတ်ပင်ပန်းမှုများခြင်းဟာ ဟော်မုန်းများကို အပြောင်းအလဲဖြစ်စေပြီး နာမကျန်းခြင်းများဖြစ်စေခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း (သို့) ကျခြင်းများဖြစ်စေခြင်းများဖြစ်စေကာ ရာသီ စက်ဝန်း လည်ပတ်ခြင်းများကိုပါ သက်ရောက်စေပါတယ်။

ဒီလိုစိတ်ပင်ပန်းမှုတွေကြောင့် ရာသီနောက်ကျတာတွေဖြစ်နေပြီဆိုရင်တော့ စိတ်သက်သာအောင် အနားယူတာမျိုး၊ နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တာမျိုးလုပ်ကြည့်ပါ။ကြာရှည် စိတ်ပင်ပန်းမှုများခြင်းကြောင့် တခြားကျန်းမာရေးပြဿနာတွေလဲ ဖြစ်လာနိုင်လို့ သေချာ သတိထားဖို့လိုပါတယ်။

၂။ ကိုယ်အလေးချိန် နဲခြင်း (သို့) ပိန်လွန်းခြင်း

စားသောက်မှုပုံစံမမှန်သူတွေ တနည်းအားဖြင့် အစားအလွန်အကျွံလျှော့သူတွေမှာဆိုရင်လဲ ရာသီမမှန်တာတွေကြုံရလေ့ရှိပါတယ်။ ကိုယ်အလေးချိန်အများကြီးကို လျှော့ချလိုက်တဲ့အခါမှာ ရာသီမမှန်တာတွေအပြင် လုံးဝမလာတော့တာမျိုးပါဖြစ်တတ်ပါတယ်။ ကိုယ်ခန္ဓာမှာ အဆီဓါတ် လုံလုံလောက်လောက်မရှိခြင်းကလဲ သားဥကြွေခြင်းကို ရပ်တန့်စေပါတယ်။

အစာအဟာရ စုံအောင်စားပေးတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိအောင် ပြန်ထိန်းယူတာမျိုး လုပ်ခြင်းအားဖြင့် ရာသီစက်ဝန်းက ပြန်မှန်သွားနိုင်ပါတယ်။ လေ့ကျင့်ခန်း အလွန်အကျွံလုပ်တဲ့ အမျုးသမီးတွေမှာလဲ ရာသီမမှန်တာ ကြုံရလေ့ရှိပါတယ်။

၃။ အဝလွန်ခြင်း

အပေါ်မှာပြောခဲ့သလို တအားပိန်လွန်းရင်လဲ ရာသီမမှန်တာဖြစ်တတ်သလို အဝလွန်ပြန်ရင်လဲ ရာသီကမမှန်ပါဘူး။အဝလွန်သူတွေမှာကျ အီစထရိုဂျင်ဟော်မုန်း အထွက်များတာမျိုးဖြစ်ပြီး ရာသီ မမှန်တာ ၊ ရာသီလုံးဝရပ်သွားတာတွေဖြစ်စေပါတယ်။

ဒီလို အဝလွန်ခြင်းကြောင့် ရာသီ မမှန်ဖြစ်နေသူတွေမှာဆိုရင် နေ့စဉ်နေထိုင်မှုပုံစံပြောင်းလဲခြင်းအားဖြင့် ကိုယ်အလေးချိန်ချခြင်း၊ အစာအဟာရချင့်ချိန်စားသုံးခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းများပြုလုပ်ပေးနိုင်ပါတယ်။

၄။ PCOS (polycystic ovarian syndrome)

PCOSဆိုတာကတော့ polycystic ovarian syndrome လို့ခေါ်တဲ့ သားဥအိမ်ရေအိတ်တည်တဲ့ ရောဂါကို ဆိုလိုပါတယ်။ PCOS မှာဆိုရင်တော့ ရေအိတ်တည်တာ တစ်မျိုးတည်းမဟုတ်ဘဲ hyperandrogenism လို့ခေါ်တဲ့ ကျားဟော်မုန်းတွေပါ များနေတဲ့အတွက်ကြောင့် သူနဲ့သက်ဆိုင်တဲ့ ရောဂါလက္ခဏာစုတွေကိုပါ ခံစားရတတ်ပါတယ်။

ဟော်မုန်းမညီမျှခြင်းများဖြစ်ပြီး ကျားဟော်မုန်းများလာခြင်းကြောင့် သားဥမကြွေနိုင်တော့ဘဲ PCOS ဖြစ်လာတာ ဖြစ်ပါတယ်။ PCOS ရှိတဲ့ အမျိုးသမီးတွေရဲ့ ၇၅% လောက်မှာဆိုရင်တော့ ဓမ္မတာနည်းခြင်း၊ မမှန်ခြင်း၊ ဓမ္မတာထိန်ခြင်းတို့ ကြုံတွေ့ရပါတယ်။ ဒီ PCOS ရှိနေသူတွေမှာ တခြား ဟော်မုန်းတွေဖြစ်တဲ့ အင်ဆူလင်ဟော်မုန်းတွေ မညီမျှတာတွေလဲဖြစ်နိုင်ပါတယ်။

၅။ သားဆက်ခြားခြင်းများ

သားဆက်ခြားဆေးတွေမှာ အီစထိုဂျင် နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေပါဝင်ပြီး သားဥကြွေခြင်းကိုတားပေးတာဖြစ်ပါတယ်။ဟော်မုန်းပါတဲ့ ထိုးဆေးများအသုံးပြု၍ သားဆက်ခြားခြင်း၊ သောက်ဆေးအသုံးပြု၍သားဆက်ခြားခြင်း၊ လက်မောင်းတွင်းထည့်ခြင်း၊ သားအိမ်တွင်း ထည့်ခြင်း နည်းအားလုံးက ရာသီ ထိန်တာ၊ ရာသီမမှန်တာဖြစ်နိုင်ပါတယ်။

ဒီလိုဟော်မုန်းတွေသုံးတာရပ်ပြီး ရာသီပြန်မှန်ဖို့ကို ၃လလောက်အချိန်ပေးရတတ်ပါတယ်။ ရာသီ မမှန်တာအတွက် တားဆေးကဒ်ပေးတာမျိုးတွေ နဲ့ တခြားကုသမှုပေးရတာမျိုးတွေလုပ်ရပါတယ်။

၆။ နာတာရှည်ရောဂါများ

နှာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါနဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေဟာလဲ ရာသီလာခြင်းကိုသက်ရောက်မှုရှိစေနိုင်ပါတယ်။

သွေးတွင်းအချိုဓါတ်အပြောင်းအလဲကလည်း ဟော်မုန်းအပြောင်းအလဲများနဲ့ ဆိုင်နိုင်တာကြောင့် ဆီးချိုရောဂါရှိသူတွေမှာ အချိုဓါတ်ထိန်းတာမျိုးသေချာမလုပ်ရင် ရာသီမမှန်တာမျိုးဖြစ်စေနိုင်ပါတယ်။

အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါတွေမှာဆိုရင် အူနံရံထိခိုက်တာတွေဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစာအဟာရ စုပ်ယူပေးနိုင်မှုကိုဟန့်တားတာမျိုး ဖြစ်စေပါတယ်။

ဒါတွေကြောင့် ရာသီမမှန်တာဖြစ်စေတာမျိုးတွေလဲဖြစ်နိုင်ပါတယ်။ တခြား ရာသီမမှန်ဖြစ်စေနိုင်တဲ့ နှာတာရှည်ရောဂါတွေလဲ ရှိနေနိုင်ပါသေးတယ်။

၇။ အရွယ်မတိုင်ခင် သားဥအိမ် အလုပ်မလုပ်ခြင်းရောဂါ

အမျိုးသမီးအများစုဟာ အသက် ၄၅ မှ ၅၅ မှာသွေးဆုံးတတ်ပါတယ်။အသက်၄၀ နဲ့ ၄၀ အရင်သွေးဆုံးတဲ့ အမျိုးသမီးတွေမှာ အရွယ်မတိုင်ခင် သားဥအိမ် အလုပ်မလုပ်ခြင်း တွေဖြစ်နိုင်ပါတယ်။

ဒီလို အရွယ်မတိုင်ခင် သားဥအိမ်‌အလုပ်မလုပ်ခြင်းဟာ သားဥအိမ်ခွဲထုတ်ထားသူတွေ၊ မျိုးရိုးလိုက်တာတွေ၊ တခြားရောဂါတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် ၄၀ ဝန်းကျင်မှာ ရာသီသွေးထိန်တာမျိုးတွေဖြစ်လာပြီဆိုရင် ဆေးခန်းပြစစ်ဆေးတာမျိုးလုပ်ပါ။

၈။ သိုင်းရွိုက် ဂလင်န်းဆိုင်ရာ ပြဿနာများ

သိုင်းရွိုက်ဟော်မုန်းများခြင်း၊ နည်းခြင်းဆိုင်ရာ ရောဂါတွေကြောင့်လဲ ရာသီနောက်ကျတာ ထိန်တာတွေဖြစ်စေနိုင်ပါတယ်။ သိုင်းရွက်ဟော်မုန်းတွေဟာ ကိုယ်ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းပေးတာဖြစ်လို့ ဒီဟော်မုန်းတွေ ကမောက်ကမဖြစ်ရင် ရာသီလာတာမမှန်တာတွေ ဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်ရောဂါတွေက များသောအားဖြင့် ဆေးနဲ့ကုသပျောက်ကင်းနိုင်ပါတယ်။ဒီ ရောဂါတွေကို ကုသအပြီးမှာ ရာသီပြန်မှန်သွားနိုင်ပါတယ်။

ဘယ်အချိန်မှာဆေးခန်းပြရမလဲ။

သင်ဟာရာသီ မမှန်တာ (သို့) ကိုယ်ဝန်ရှိတာမဟုတ်ပဲ ရာသီထိန်တာဖြစ်နေပြီဆိုရင်တော့ ဆေးခန်းပြဖို့လိုပါတယ်။

ဒါမှသာ ဘာလို့ဖြစ်နေတာလဲဆိုတာစမ်းသပ်စစ်ဆေးနိုင်ပြီးလိုအပ်တဲ့ကုသမှုရယူနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရာသီရက်နဲ့ ကိုယ်ခံစားရတဲ့ လက္ခဏာတွေကို ရေးမှတ်ထားခြင်း ကလည်း ရောဂါရှာဖွေမှုမှာ အထောက်အကူပြုနိုင်ပါတယ်။

ဘယ်ချိန်မှာဆေးခန်းပြရမလဲ။

အောက်ပါလက္ခဏာတွေရှိခဲ့ရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြသရပါမယ်။

ပုံမှန်ထက်သွေးဆင်းအလွန်များခြင်း။

ကိုယ်အပူချိန်တက်ခြင်း။

ဗိုက်နာခြင်း။

ပျို့အန်ခြင်း။

သွေးဆင်းရက် တစ်ပတ်ထက်ပိုကြာခြင်း။

သွေးဆုံးပြီးမှ သွေးဆင်းခြင်း (သို့) တစ်နှစ်လောက်အကြာ ရာသီထိန်ပြီးမှ သွေးပြန်ဆင်းခြင်း တွေရှိခဲ့ ရင် ဆေးခန်း ပြကိုပြရပါမယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!