Q&A (Questions & Answers)

လိင်အင်္ဂါကြွက်နို့

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

လိင်အင်္ဂါ ကြွက်နို့ဆိုတာဘာလဲ။

လိင်အင်္ဂါ ကြွက်နို့ဆိုတာ လိင်အင်္ဂါမှာ ထွက်ပေါ်လာတဲ့ အဖုပျော့များဖြစ်ပါတယ်။ ဒီအဖုလေးတွေဟာ နာတာ၊ နေမထိထိုင်မသာဖြစ်တာ၊ ယားတာမျိုးဖြစ်စေတတ်ပါတယ်။

ဒီအဖုတွေဟာ အလွန်သေးငယ်ပြီးမမြင်နိုင်လောက်တာမျိုးလဲရှိပါတယ်။ အရောင်အနေနဲ့လဲ အသားအရောင်နဲ့ ထပ်တူကျနေတာ (သို့) နဲနဲအရောင်ပိုရင့်တာမျိုးဖြစ်လေ့ရှိပါတယ်။

ပန်းဂေါ်ဖီပွင့်လို ထိပ်ဖက်မှာ ဖွာနေတာမျိုး ဖြစ်တတ်သလို ထိပ်တုံးတုံးကြီးဖြစ်နေတာမျိုးလဲ ရှိပါတယ်။ တစ်လုံးထဲ ထွက်ပေါ်လာတာရှိသလို အစုလိုက်ထွက်ပေါ်တာမျိုးလဲရှိပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။

လိင်အင်္ဂါကြွက်နို့ ဟာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့ Human Papillomavirus (HPV) ရောဂါပိုးကြောင့် ဖြစ်ရတာပါ။ HPV ဗိုင်းရပ်စ်ပိုးမှာ မျိုးစိတ်ခွဲ များစွာ ရှိပါတယ်။

ဒီထဲမှာမှ HPV 6 နဲ့ HPV 11 ဆိုတဲ့ မျိုးစိတ်ကြောင့် လိင်အင်္ဂါကြွက်နို့ အဓိက ဖြစ်စေတာဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV 16 နဲ့ 18 မျိုးစိတ်နဲ့ မတူပါဘူး။

အဖြစ်များသလား။

ဗဟို ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ရဲ့ အဆိုအရ HPV သည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါတွေထဲ က အဖြစ်အများဆုံးဖြစ်ပါတယ်။

ဘယ်လိုကူးစက်တာလဲ။

အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတာ၊ မိန်းမကိုယ်နဲ့လိင်ဆက်ဆံတာ၊ စအိုနဲ့လိင်ဆက်ဆံတာ အားလုံးကနေ ကူးနိုင်ပါတယ်။

ကူးစက်ခံရပြီး ရက်သတ္တပတ်အနဲငယ် ကနေ လပိုင်းလောက်ထိ ကြွက်နို့အနေနဲ့ မထွက်ပေါ်သေးပဲရှိနေနိုင်ပါတယ်။

ဘယ်နေရာတွေမှာ အဓိကပေါက်တာလဲ။

အမျိုးသားတွေမှာဆိုရင်

• လိင်တံ

• ကပ္ပါယ်အိတ်

• ပေါင်ခြံ

• ပေါင်နားတဝိုက်

• စအို အတွင်း နဲ့ စအို အနီးတဝိုက် မှာ ပေါက်နိုင်ပါတယ်။

အမျိုးသမီးတွေမှာဆိုရင်တော့

• မိန်းမကိုယ် နဲ့ စအို အတွင်းပိုင်း

• မိန်းမကိုယ် နဲ့ စအို အပြင်ဖက်

• သားအိမ်ခေါင်းအပေါ်ဖက် နေရာတွေမှာ အဓိကပေါက်တတ်ပါတယ်။

HPV ပိုးရှိသူနဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံမှု ရှိခဲ့သူတွေမှာ ကြွက်နို့တွေဟာ နှုတ်ခမ်း၊ ပါးစပ်၊ လျှာ၊ လည်ချောင်းနေရာတွေမှာလဲ ပေါ်ထွက်နိုင်ပါတယ်။

တခြားဘာလက္ခဏာတွေရှိနိုင်သေးလဲ။

ကြွက်နို့ အနေနဲ့ ထွက်မလာသေးပေမယ့်

• မိန်းမကိုယ်ကနေ အရည်ဆင်းတာ

• ယားတာ

• သွေးဆင်းတာ

• မိန်းမကိုယ်တွင်း ပူလောင်သလို ခံစားရတာ မျိုး ရှိနိုင်ပါတယ်။

လိင်အင်္ဂါကြွက်နို့တွေဟာ ပွားပြီး ကြီးလာတယ်ဆိုရင် နေမထိထိုင်မသာဖြစ်တာ (သို့) နာကျင်တာမျိုးခံစားရနိုင်ပါတယ်။

လိင်အင်္ဂါကြွက်နို့မှန်း ဘယ်လိုသိနိုင်မလဲ။

ဆေးခန်းမှာ ဆရာဝန်က ရောဂါရာဇဝင်နဲ့ ခံစားနေရတဲ့ လက္ခဏာတွေကို ဆက်စပ်ခြင်း၊ ကြွက်နို့ နေရာကို စမ်းသပ်စစ်ဆေးပေးခြင်း ပြုလုပ်ခြင်းအားဖြင့်သိနိုင်ပါတယ်။

အမျိုးသမီး များမှာ မိန်းမကိုယ်အတွင်းနေရာတွေမှာလဲ ကြွက်နို့တွေ ရှိနေနိုင်သောကြောင့် ကိုယ်ခန္ဓာအောက်ပိုင်း စမ်းသပ်စစ်ဆေးခြင်းများ ရှိနိုင်ပါတယ်။

ဘယ်လိုကုသရမလဲ။

ဒီ HPV ဗိုင်းရပ်စ်အတွက် ကုသဆေးမရှိပေမယ့် သူ့ကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေးပြဿနာဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့တွေကို လောင်ကျွမ်းသွားစေမယ့် လိမ်းဆေးခရင်မ်တွေလို ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။

တကယ်လို့ လိင်အင်္ဂါကြွက်နို့တွေက ကြီးလွန်းနေတာ၊ လိမ်းဆေးနဲ့ ကုသလို့ မရတဲ့နေရာမျိုးဖြစ်နေတာ ဒါမှမဟုတ် ဆေးဝါးကုထုံးမှာ တုံ့ပြန်မှုမရှိတာဆိုရင် ၎င်းတို့ကို ခွဲစိတ်ဖယ်ရှားဖို့ လိုလာနိုင်ပါတယ်။

ခွဲစိတ် ကုသမှုတွေထဲမှာ

• နိုင်ထရိုဂျင်အရည်ကိုသုံးပြီးကြွက်နို့ တွေကိုအအေးဓါတ်ပေးတာ၊

• လျှပ်စစ်စီးကြောင်း သို့မဟုတ် လေဆာကိုသုံးပြီး ကြွက်နို့ကို လောင်ကျွမ်း စေတာ၊

• ခွဲစိတ် ကိရိယာတွေသုံးပြီး ကြွက်နို့ကိုဖြတ် ထုတ်တာ စသဖြင့် ကုသနည်းတွေရှိပါတယ်။

ဒီမှာ အရေးကြီးတာမှာချင်တာကတော့

• လက်မှာဖြစ်တဲ့ ကြွက်နို့နဲ့ လိင်အင်္ဂါမှာဖြစ်တဲ့ ကြွက်နို့ မှာ ဖြစ်စေတဲ့ HPV မျိုးစိတ်ချင်း မတူပါဘူး။ ပြီးတော့ လက်နဲ့ တခြားနေရာမှာဖြစ်တဲ့ ကြွက်နို့တွေ ကုသ ဖို့ ထုတ်ထားတဲ့ လိမ်းဆေး တွေဟာ လိင်အင်္ဂါကြွက်နို့ ကုသမှု အတွက်ကျ ဆေးပြင်းတာမို့ အဆင်မပြေပါဘူး။

• လွှဲမှားစွာကုသမှုတွေဟာ ကောင်းကျိုးထက်ဆိုးကျိုးပိုဖြစ်စေပါတယ်။

• ကြွက်နို့တွေ ဟာ သူ့ဖာသာအလိုလိုပျောက်သွားနိုင်တယ်ဆိုပေမယ့် သူ့ကိုဖြစ်စေတဲ့ HPV ပိုးကတော့ ကိုယ်ခန္ဓာထဲမှာကျန်နေနိုင်ပါတယ်။ ဒါဟာ ဘာကိုပြောချင်တာလဲဆိုတော့ ခနခန ပြန်ဖြစ်နိုင်တယ်ဆိုတာ ပြောချင်တာပါ။ ပိုးကူးစက်ထားပြီး ကြွက်နို့ အဖြစ်မရှိနေသေးသူ ဟာလဲ မိမိ အဖော်ကို ရောဂါပိုးကူးစက်စေနိုင်ပါတယ်။

ဘယ်သူတွေက လိင်အင်္ဂါ ကြွက်နို့ ဖြစ်နိုင်ချေများတာလဲ။

• လိင်ဆက်ဆံဖော်များသူတွေ

• ကိုယ်ခံအားနည်းသူတွေ

• ဆေးလိပ်သောက်သူတွေ မှာအဖြစ်များပါတယ်။

HPVပိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးဘာတွေရှိလဲ။

လိင်အင်္ဂါ ကြွက်နို့ဖြစ်စေတဲ့ HPV မျိုးစိတ်ကတော့ ကင်ဆာဖြစ်စေတာမျိုးမရှိပါဘူး။ HPV 16 နဲ့ HPV 18 လို မျိုးစိတ်မျိုးကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်စေပါတယ်။

တခြား HPV မျိုးစိတ်တွေမှာ မိန်းမကိုယ်ကင်ဆာ၊ လိင်တံကင်ဆာ၊ စအိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျို ကင်ဆာ စသဖြင့် ဖြစ်စေတဲ့ မျိုးစိတ်ခွဲတွေလဲ ရှိပါတယ်။

လိင်အင်္ဂါကြွက်နို့ကိုဘယ်လိုကာကွယ်ရမလဲ။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်း နဲ့ ကွန်ဒုံးသုံးခြင်း ဖြင့် ကာကွယ်နိုင်ပါတယ်။

• သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးထားခြင်းဖြင့် လိင်အင်္ဂါကြွက်နို့ ဖြစ်စေသော HPV ပိုးမျိုးစိတ်အပြင် သားအိမ်ခေါင်းကင်ဆာဖြစ်စေသော HPV မျိုးစိတ်ကိုပါ ကာကွယ်ပေးနိုင်ပါသည်။

• အသက် ၉ နှစ်မှ ၄၅ နှစ်ထိ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ၂ကြိမ်ထိုးရတာမျိုး ၃ ကြိမ်ထိုးရတာမျိုး ရှိပါတယ်။

• လိင်ဆက်ဆံမှု မရှိခင်အသက်အရွယ်မှာထိုးထားတာသည် အကောင်းဆုံးဖြစ်ပါတယ်။

ဘယ်အချိန်မှာဆေးခန်းပြရမလဲ။

မိမိမှာ ကြွက်နို့ရှိနေပြီဆိုရင် ဆေးခန်းးပြသဖို့လိုပါတယ်။

ဒါမှသာဘယ်လိုကုသမှုမျိုးက သင့်အတွက်အသင့်တော်ဆုံးဆိုတာကို ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် လိင်ဆက်ဆံဖော်ကိုလဲ မိမိမှာ ကြွက်နို့ရှိနေတာကို ပြောပြရပါမယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!