Q&A (Questions & Answers)

သန္ဓေတား သောက်ဆေး

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

သန္ဓေတားဆေး သောက်ဆေး ဘာတွေရှိလဲ။

သောက်ဆေး အနေနဲ့ သန္ဓေတားဆေး  အမျိုးအစား နှစ်မျိုးရှိပါတယ်။

1. estrogen နဲ့ progesterone ဟော်မုန်း ၂မျိုး ပါဝင်သော ပေါင်းစပ်သန္ဓေတားဆေး (COC) နဲ့

2. progesterone တမျိုးထဲ ပါဝင်သော သန္ဓေတားဆေး (POP) တို့ဖြစ်ပါတယ်။

သန္ဓေတားသောက်ဆေးတွေက ဘယ်လိုအလုပ်လုပ်သလဲ ။ ကိုယ်ဝန်မရရှိအောင် ဘယ်လိုတားဆီးပေးတာလဲ။

• သားဥကြွေခြင်းကို တားပေးတယ်။

• သားအိမ်ခေါင်းမှာ အကျိအချွဲတွေကိုထူစေတယ်။ ဒါကြောင့် သုက်ကောင်လေး သားအိမ်ထဲကို ဝင်ရောက်ဖို့ နဲ့ သားဥလေးနဲ့တွေ့ဖို့ ခက်ခဲစေတယ်။

• သားအိမ်အတွင်းသားနံရံကို ပါးလွှာစေတာကြောင့် သန္ဓေကပ်ဖို့ သန္ဓေသားကြီးထွားဖို့ ခက်ခဲစေတယ်။

ဆေးအာနိသင်ထိရောက်မှုဘယ်လောက်ရှိလဲ။

ဆေးကို နည်းစနစ် မှန်မှန်ကန်ကန်စနစ်တကျ တိတိကျကျ သုံးရင် ၉၇% ကျော် ထိရောက်ပါတယ်။

တားဆေးကဒ်အနေနဲ့ဈေးကွက်ထဲမှာ ဘာလိုတွေရှိလဲ။

ဈေးကွက်ထဲမှာ တားဆေးကဒ်အမျိုးမျိုးရှိပြီး အများစုက ၂၈ လုံးပါ ဆေးကဒ်တွေဖြစ်ပါတယ်။ ၂၁လုံးပါဆေးကဒ် ၊ ၃၅ လုံးပါဆေးကဒ် စတာတွေလဲ ရှိပါတယ်။

တားဆေးကဒ်တွေရဲ့သောက်ပုံသောက်နည်းတွေက ဘယ်လိုရှိလဲ။

၂၈ လုံးပါ ဆေးကဒ်များ (တနေ့တလုံးဆေး)

ဆေးကဒ်တကဒ်မှာ ဆေး ၂၈ လုံးပါဝင်ပြီး ဟော်မုန်းပါသော ဆေး၂၁ လုံး (ပထမ ၃ တန်း) နဲ့ ဟော်မုန်းမပါသော ဆေး ၇ လုံး (အောက်ဆုံး၁တန်း)ပါပါတယ်။

အပေါ် ၃ တန်းနဲ့ အောက်၁တန်းက ဆေးလုံးအရောင်လဲ မတူတတ်ပါဘူး။ ဆေးကဒ်ရဲ့ စသောက်ဖို့ အမှတ်အသားလုပ်ပေးထားတဲ့နေရာ ကနေ တနေ့တလုံး ၂၈ ရက်ကြာ မှန်မှန် သောက်ရပါတယ်။

အောက်ဆုံး ၁ တန်း (ဟော်မုန်းမပါတဲ့ဆေး ၇ ရက်စာ) သောက်တဲ့အချိန်မှာ ရာသီလိုသွေးဆင်းတတ်ပါတယ်။ ဆေးကဒ်တကဒ်ကုန်တာနဲ့ နောက်ဆေးကဒ် အသစ်တကဒ်ကို သွေးဆင်းတာ ရပ်ပြီဖြစ်စေ ဆင်းနေသေးသည်ဖြစ်စေ ဆက်သောက်ရပါမယ်။

တနေ့တလုံးဆေးကို ဆေးကဒ်ထဲကအတိုင်း အစဉ်လိုက်သောက်ဖို့လိုအပ်ပြီး နေ့စဉ် အချိန် မှန်မှန်သောက်ဖို့လဲ လိုပါတယ်။ မေ့လို့မရပါဘူး။

၂၁-လုံးပါ ဆေးကဒ်များ

ဆေးကဒ်တကဒ်တွင်‌ ဟော်မုန်းပါသော ဆေး ၂၁ လုံး ပါဝင်ပြီး ဆေးလုံးတစ်လုံးစီတွင် ဟော်မုန်းပမာ တူညီစွာပါရှိပါတယ်။ ဆေးလုံးတစ်လုံးကို နေ့စဉ် ၂၁ ရက်ကြာဆေးကဒ်ကုန်သည်အထိသောက်ရပါတယ်။

နောက် ၇ ရက်ကိုတော့ဆေးသောက်စရာမလိုပါဘူး။ အဲ့ဒီလိုဆေးသောက်နားထားတဲ့ ၇ ရက်မှာ ရာသီလို သွေးဆင်းတတ်ပါတယ်။ သွေးဆင်းတာ ရပ်ပြီဖြစ်စေ ဆင်းနေသေးသည်ဖြစ်စေ ၈ ရက်မြောက်နေ့ ရောက်ရင်တော့ ဆေးကဒ်အသစ် စသောက်ရပါမယ်။ ဆေးကို နေ့စဉ်အချိန်မှန်မှန်သောက်ဖို့နဲ့ မမေ့မလျော့သောက်ဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ရှိမရှိကို ဘယ်လိုမေးခွန်းတွေနဲ့ ဆန်းစစ်ကြည့်လို့ရလဲ။

အောက်ကမေးခွန်းလေး တွေ နဲ့ဆန်းစစ်ကြည့် ရပါမယ်။

၁။ လွန်ခဲ့တဲ့ (၇) ရက် အတွင်း ရာသီ လာခဲ့ပါသလား။

၂။ ရာသီလာချိန်ကနေ ခုထိ အမျိုးသားနဲ့ တူတူနေတာ ရှောင်ပါသလား။

၃။ စိတ်ချရတဲ့ သန္ဓေတားနည်းတခုခုကို သေချာသုံးစွဲနေပါသလား။

၄။ လွန်ခဲ့တဲ့ (၇) ရက် အတွင်း ကိုယ်ဝန်ပျက်ကျခဲ့ ပါသလား။

၅။ လွန်ခဲ့တဲ့ (၄) ပတ် အတွင်း ကလေးမွေးခဲ့ပါသလား။

၆။ အသက် (၆) လအောက်ကလေးကို အမေနို့တမျိုးထဲ တိုက်နေပြီး ရာသီလဲ ကလေးမွေးပြီးကတည်းက မပေါ်သေးသော မိခင်ဖြစ်ပါသလား။

အဲ့ဒီ မေးခွန်းတွေထဲ က အဖြေတခုခုကို ဟုတ်တယ် လို့ ဖြေရင် တားဆေးကဒ်စသောက်လို့ရပါတယ်။

မေးခွန်းအားလုံးရဲ့ အဖြေကမဟုတ်ဘူးဖြစ်နေရင်တော့ ကိုယ်ဝန်ရှိမရှိကို ဆီးစစ်တာမျိုးလုပ်ကြည့်ရပါမယ်။

တာဆေးကဒ်ကို ဘယ်အချိန် စသောက်ရမလဲ။

ကိုယ်ဝန်မရှိတာ သေချာတယ်ဆိုရင်တော့ ရာသီစက်ဝန်းရဲ့ ဘယ်အချိန်မှာမဆို ဆေးကို စသောက် နိုင်ပါတယ်။

  • ရာသီ စလာတဲ့ရက်မှ  ၅ ရက်အတွင်း ဒါမှမဟုတ် ကိုယ်ဝန် ပျက်ကျပြီး ၅ ရက်အတွင်း စသောက်မယ်ဆိုရင်  တားဆေး အာနိသင် ချက်ချင်းရတဲ့အတွက် တခြားတားတဲ့နည်း ဥပမာ ကွန်ဒုံးသုံးတာမျိုးလုပ်စရာမလိုပါဘူး။
  • ရာသီ စလာတဲ့ရက်မှ ၅ ရက်ကျော်  ဒါမှမဟုတ် ကိုယ်ဝန် ပျက်ကျပြီး ၅ ရက်ကျော်မှ  စတင်မယ်ဆိုရင်တော့ တားဆေးအာနိသင် ချက်ချင်းမရတဲ့အတွက် တခြားတားတဲ့နည်း ဥပမာ ကွန်ဒုံးသုံးတာမျိုးကို ဆေးစသောက်တဲ့ ပထမ ၇ရက်မှာ လုပ်စရာ လိုပါတယ်။

ကလေးမွေးထားတဲ့ မိခင်တွေအနေနဲ့တော့

အကယ်၍ အမေနို့တိုက်ကျွေးနေခြင်းမရှိဘူးဆိုရင်

  • ကလေးမွေးပြီးတဲ့နောက် ၂၁ ရက်မှာ ဆေးစသောက်နိုင်ပါတယ်။ တားဆေး အာနိသင် ချက်ချင်းရတဲ့အတွက် တခြားတားတဲ့နည်း ဥပမာ ကွန်ဒုံးသုံးတာမျိုးလုပ်စရာမလိုပါဘူး။
  • ကလေးမွေးပြီး ၂၁ ရက်ကျော်မှ ဆေးစသောက်မယ်ဆိုရင်တော့ နောက်ထပ် ၇ ရက်အတွက် တခြားတားတဲ့နည်း ဥပမာ ကွန်ဒုံးသုံးတာမျိုးကို ထပ်ဆင့်လိုအပ်ပါတယ်။

အကယ်၍ အမေနို့တိုက်ကျွေးနေတယ်ဆိုရင်တော့

ပေါင်းစပ် သန္ဓေသားဆေး COC မှာပါတဲ့ အီစထရိုဂျင်ဟာ  ခန္ဓာကိုယ်ရဲ့ မိခင်နို့ထောက်ပံ့ပေးနိုင်မှု ကို လျော့နည်းစေနိုင်တဲ့အတွက် POP လို့ခေါ်တဲ့ ပရိုဂျက်စတိုဂျင်တမျိုးသာပါတဲ့ တားဆေးသောက်ဆေးကိုသာ သောက်ဖို့အကြံပေးလိုပါတယ်။

အန်ခြင်းနှင့် ဝမ်းလျှောခြင်း တွေရှိရင် ဆေးအာနိသင်ထိခိုက်နိုင်လား။

အကယ်၍ ဆေးသောက်ပြီး ၃ နာရီအတွင်း အန်ထွက်သွားပါက ဆေးကို အပြည့်အဝ စုပ်ယူထားနိုင်သေးမှာ မဟုတ်တဲ့အတွက် ဆေးနောက်တလုံးကို ချက်ချင်းသောက်ဖို့လိုအပ်ပါတယ်။ နောက်နေ့ ကျရင်တော့ပုံမှန်ဆေးသောက်နေကျအချိန်မှာ ဆေးကိုပုံမှန်ဆက်သောက်သွားရပါမယ်။

အကယ်၍နေမကောင်းသေးလို့ ဆက်မသောက်သေးဘူးဆိုရင် တခြားသော သန္ဓေသားနည်းတွေ ဥပမာ ကွန်ဒုံးကို ဆေးစပြန်သောက်တဲ့နေ့ကနေ ၇ ရက်တိုင် ပြန်သုံးဖို့လိုပါတယ်။

ပြင်းထန်သော ဝမ်းလျှောခြင်း (၂၄နာရီအတွင်း ၆ကြိမ်မှ၈ကြိမ် အရည်ဝမ်းသွားခြင်း) ဖြစ်ရင်လည်း ခန္ဓာကိုယ်ကဆေးစုပ်ယူမှု ကျနိင်တဲ့အတွက် ကွန်ဒုံးကို ဝမ်းလျှောနေတုန်းနဲ့ ပြန်သက်သာပြီး၂ ရက်လောက်ထိ သုံးဖို့လိုပါတယ်။

တားဆေးကို ဘယ်သူတွေ မသုံးရဘူးလဲ။

• ကိုယ်ဝန်ရှိနေ သူတွေ

• အသက် ၃၅ နှစ်နဲ့ အထက် ဆေးလိပ်သောက်သူတွေ

•  အဝလွန်သူတွေ

• တချို့သောဆေးဝါးတွေကိုရေရှည်စွဲသောက်နေရသူတွေ မသုံးရပါဘူး။

ဘယ်လိုရောဂါအခံ ရှိနေသူတွေဆိုရင်ဆေးသောက်ဖို့   မသင့်တော်တာလဲ။

• ခြေထောက် ဒါမှမဟုတ် အဆုတ် သွေး ပြန်ကြောထဲမှာ သွေးခဲရှိသူတွေ

• လေဖြတ်ခြင်း သို့မဟုတ် သွေးကြောကျဉ်းရောဂါရှိသူတွေ

•  မိသားစုထဲမှာ အသက် ၄၅ နှစ်မတိုင်ခင်  သွေးခဲ တာဖြစ်ဖူးသူတွေ

• သွေးတိုးရောဂါ၊ နှလုံးရောဂါ ရှိသူတွေ

• ပြင်းထန်သော ခေါင်းတခြမ်းကိုက်ရောဂါ  Migraine  ရှိသူတွေ

•  ရင်သားကင်ဆာ

•  အသည်း သို့မဟုတ် သည်းခြေအိတ်ရောဂါ

•  ဆီးချိုရောဂါနဲ့ နောက်ဆက်တွဲပြသနာတွေကိုခံစားရသူ ၊လွန်ခဲ့သောအနှစ် ၂၀ ကတည်းကဆီးချိုရောဂါရှိသူ တွေ မသောက်သင့်ပါဘူး။

သန္ဓေတားသောက်ဆေးရဲ့အားသာချက်ဘာတွေရှိလဲ။

• သုံးရတာလွယ်တယ်

• မသုံးချင်တော့ရင်လဲ ကိုယ့်ဖာသာရပ်လိုက်လို့ရတယ်

• ဝယ်ရတာလဲလွယ်တယ်

• အမျိုးသားနဲ့အတူနေတဲ့အခါ အနှောင့်အယှက်မပေးဘူး

• ရာသီသွေးဆင်းမှန်တာ၊ သွေးဆင်းတာနဲသွားတာ၊သွေးဆင်းတုန်း နာကျင်တာ လျော့သွားစေတာ

• သားဥအိမ် ၊သားအိမ်နဲ့ အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတာ

• Premenstrual Syndrome-ရာသီမလာခင်ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို လျော့နည်းစေ တာ

• ဝက်ခြံသက်သာစေတာ

• သားအိမ်မှာအလုံးတည်တာ၊ သားဥအိမ်မှာရေအိတ်တည်တာ၊ကင်ဆာမဟုတ်တဲ့ ရင်သားရောဂါ ဖြစ်နိုင်ခြေ တွေကိုလျော့ပေးနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး ဘာတွေရှိလဲ။

• အစပိုင်းမှာ ခေါင်းကိုက်ခြင်း၊ ပျို့ချင်အန်ချင်ဖြစ်ခြင်း၊ ရင်သားနာကျင်ခြင်းနှင့် စိတ်အပြောင်းအလဲဖြစ်ခြင်း ကဲ့သို့သော ယာယီ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေ နိုင်ပါတယ်။လအနည်းငယ်ကြာခံစားနေရပြီး မသက်သာပါက ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်

• တချို့တွေမှာဝက်ခြံပိုထွက်လာတာမျိုးဖြစ်တတ်ပါတယ်

• သွေး တိုးစေနိုင်ပါတယ်

• လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်ပေးပါဘူး

• အတွင်းခံဘောင်းဘီ စွန်းရုံသွေးဆင်းတာတွေ သွေးဆင်းရက်ကြာတာ မမှန်တာ ဖြစ်တတ်ပါတယ်

• သွေးခဲစေတာကတော့ အဖြစ်တအားနည်းပေမဲ့ ဖြစ်ခဲ့ရင်တော့ ခြေထောက်သွေးပြန်ကြောပိတ်တာတွေ၊ အဆုတ်သွေးခဲပိတ်တာတွေ၊ လေဖြတ်တာတွေ၊ နှလုံးရုတ်တရက်ထဖောက်တာတွေ ဖြစ်စေနိုင်ပါတယ်

• ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ အနည်းငယ် တိုးများစေနိုင်တယ်ဆိုပါတယ်။ ဒါပေမဲ့ ဆေးမသောက်တော့တာ ၁၀ နှစ်အကြာမှာ ရင်သားကင်ဆာနဲ့သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ပြန်ကျသွားပါတယ်။

သန္ဓေတားသောက်ဆေးနဲ့ အခြားဆေးဝါးတွေနဲ့ ဆက်စပ်မှုရှိလား။

အချို့ဆေးဝါးများဟာ သန္ဓေတားဆေးနှင့် အပြန်အလှန်ဆက်စပ်မှု ရှိပြီး သန္ဓေတားဆေးအာနိသင်ကို လျော့နည်းစေနိင်ပါတယ်။  ဘာဆေးတွေလဲဆိုတော့

• တီဘီရောဂါနှင့် ဦးနှောက်ရောင်ရောဂါ တွေမှာ ကုသဖို့သုံးရတဲ့ပဋိဇီဝဆေး များဖြစ်တဲ့ rifampicin နဲ့ rifabutin လို ဆေးမျိုးတွေသောက်နေရသူတွေဆိုရင် တခြားသောသန္ဓေတားနည်းတခုခုကို ပြောင်းသုံးမလား သို့မဟုတ် ဆေးကဒ်သောက်နေတုန်းကွန်ဒုံးပါသုံးမလား စသဖြင့် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

• တချို့သော အတက်ရောဂါကုသဆေး နဲ့ အိပ်ခ်ျအိုင်ဗွီ ပိုးထိန်းချုပ်သော ဆေးတွေဆိုရင်လဲ အဲ့လို သန္ဓေတားဆေးအာနိသင် လျော့စေတာမျိုးတွေ ဖြစ်စေတာတွေရှိလို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

ဒါကတော့ ဆေးတချို့ အကြောင်းပဲပြောပြပေးထားတာဖြစ်လို့ ကိုယ်က တခြားဆေးသောက်နေတာတွေရှိရင် တားဆေးမသောက်ခင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်။

သန္ဓေတားသောက်ဆေး နဲ့ ပတ်သက်ပြီးအဓိက မှတ်သားထားရမယ့်အချက်တွေကဘာတွေရှိလဲ။

• မှန်မှန်ကန်ကန်စနစ်တကျ တိတိကျကျ သောက်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ရာမှာ ၉၇% ကျော် ထိရောက်မှုရှိပါတယ်။

• ဆေးကိုနေ့တိုင်းသောက်ပါ။ အချိန်မှန်မှန်သောက်ပါ။

• တခြားဆေးတွေ သောက်နေရတာတွေရှိတယ်ဆိုရင် တားဆေးမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

• သွေးဆင်းများတတ်သူတွေ ၊ရာသီလာစဉ်နာကျင်မှုဝေဒနာခံစားရသူတွေနဲ့ endometriosis လိုရောဂါတွေကိုတော့ သန္ဓေတားဆေးက သက်သာစေပါတယ်။

• နို့တိုက်မိခင်တွေ အနေနဲ့ progesterone တမျိုးထဲ ပါဝင်သော သန္ဓေတားဆေး (POP)ကို သောက်နိုင်ပါတယ်

• ဘေး ထွက် ဆိုး ကျိုး တွေဖြစ်တဲ့ စိတ် အပြောင်းအလဲ မြန်ခြင်း ၊ မူးဝေ ခြင်း ၊ ရင်သား နူးညံ့ ခြင်း နှင့် ခေါင်း ကိုက် ခြင်း တို့ ဖြစ်တတ်သော်လည်း များသောအားဖြင့် လ အနည်းငယ် အတွင်း သက်သာသွားလေ့ ရှိ ပါတယ်။

• ကိုယ်အလေးချိန် တက်စေတယ်ဆိုပြီးသေချာပြောထားတာ မရှိ ပါဘူး။

• သွေးခဲစေတာ တွေနဲ့ ရင်သားကင်ဆာလိုမျိုး ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေတွေ အရမ်းနည်းပါတယ်။

• အသက်၃၅နှစ်အထက်ဆေးလိပ်သောက်နေတဲ့လူတွေနဲ့ တချို့ရောဂါအခံရှိသူတွေဆိုရင် တားဆေးသောက်ဖို့မသင့်တော်ပါဘူး။

သန္ဓေတားသောက်ဆေးက လိင်မှတဆင့် ကူးစက်တတ်သောရောဂါတွေကို ကာကွယ်ပေးနိုင်လား။

• လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်ပေးပါဘူး။ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေကို ကွန်ဒုံးတစ်မျိုးတည်းကတာ ကာကွယ်ပေးနိုင်ပါတယ်။

ပေါင်းစပ်သန္ဓေတားဆေး သောက်နေရင်း ဆေးသောက်ဖို့မေ့သွားရင် ဘယ်လိုလုပ်ရမလဲ။

• မေ့သွားတဲ့ ဆေးလုံးကို သတိရရချင်း အရင်ဆုံးသောက်ပါ။

• ပြီးရင် ကျန်ဆေးတွေကို ပုံမှန်သောက်နေကျအချိန်အတိုင်း ဆက်သောက်ပါ။ တစ်နေ့တည်း (သို့မဟုတ်) တစ်ချိန်တည်းမှာ ဟော်မုန်းဆေး (၂) လုံးသောက်ရတာမျိုးလဲ ဖြစ်နိင်ပါတယ်။

ဆေးလုံး (၁) လုံး (သို့မဟုတ်) ၂လုံး သောက်ဖို့မေ့နေတာ ၊ ဆေးကဒ်အသစ်စဖို့ ၁ ရက် ကနေ ၂ ရက် လောက်ထိ နောက်ကျနေတာ ဆိုရင်တော့

• မေ့သွားတဲ့ ဆေးလုံးကို သတိရရချင်း အရင်ဆုံးသောက်ပါ။

• ကျန်ဆေးတွေကို ပုံမှန်သောက်နေကျအတိုင်း ဆက်သောက်ပါ။

ဆေးလုံး (၃) လုံးနဲ့ အထက် သောက်ဖို့မေ့နေပြီ ဆိုရင်တော့

ဆေးကဒ်ရဲ့ ဘယ်အတန်းကို ရောက်နေပြီလဲဆိုတာကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဆေးကဒ်ရဲ့ ပထမတန်း (ပထမပတ်) ဒါမှမဟုတ် ဒုတိယတန်း (ဒုတိယပတ်) မှာ ဆေး (၃) လုံး နဲ့ အထက်သောက်ဖို့မေ့ပြီ (သို့မဟုတ်) ကဒ် အသစ်စဖို့ (၃) ရက်ထက်ပို နောက်ကျနေပြီ ဆိုရင်တော့

• မေ့သွားတဲ့ ဆေးလုံးကို သတိရရချင်း အရင်ဆုံးသောက်ပါ။

• ဆေးကဒ်ကိုပုံမှန်အတိုင်း ဆေးကဒ်ကုန်သည်အထိ ဆက်သောက်ပါ။

• နောက် (၇) ရက်အတွင်း အမျိုးသားနဲ့ အတူနေရင် ကွန်ဒုံး အသုံးပြုပါ။

• ဒါ့အပြင် လွန်ခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံခဲ့ရင် အရေးပေါ် တားဆေး ကို သောက်ဖို့လိုပါမယ်။

ဆေးကဒ်ရဲ့ တတိယတန်း (တတိယပတ်) မှာ ဆေး ၃လုံး နဲ့ အထက်သောက်ဖို့မေ့နေပြီ ဆိုရင်တော့

• မေ့သွားတဲ့ ဆေးလုံးကို သတိရရချင်း အရင်ဆုံးသောက်ပါ။

• ကဒ်ထဲ မှ ဟော်မုန်းပါသော ဆေးအားလုံး ကုန်အောင်သောက်ပါ။

• ဟော်မုန်းမပါသော အောက်ဆုံးတန်းမှ ဆေး (၇) လုံးအား မသောက်ပဲ လွှင့်ပစ်ပါ။

• နောက်တစ်နေ့မှာ ဆေးကဒ်အသစ် တစ်ကဒ် ကို စသောက်ပါ။

• နောက် (၇) ရက်အတွင်း အမျိုးသားနဲ့ အတူနေရင် ကွန်ဒုံး အသုံးပြုပါ။

• ဒါ့အပြင် လွန်ခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံခဲ့ရင် အရေးပေါ် တားဆေး ကို သောက်ဖို့လို့ ပါမယ်။

ဆေးကဒ်ရဲ့ နောက်ဆုံးအတန်း (ဟော်မုန်းမပါတဲ့ဆေးလုံး) သောက်ဖို့မေ့တာ ဆိုရင်တော့

• မေ့သွားတဲ့ဆေးလုံးတွေကို လွှင့်ပစ်လိုက်ပါ။

• ဆေးကဒ်ကို ပုံမှန်အတိုင်း တစ်နေ့တစ်လုံးဆက်သောက်ပြီး ဆေးကဒ်ကုန်လျှင် ကဒ်အသစ်စပါ။

အပြင်းအထန်အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ဖြစ်တဲ့ အခါမျိုးမှာဆေးဘယ်လိုသောက်ရမလဲ။

• ဆေးသောက်ပြီး (၂) နာရီအတွင်း အန်လိုက်ရင် ဆေးကဒ်ထဲမှ နောက်ဆေးတစ်လုံးကို ယူသောက်လိုက်ပြီး ကျန်ဆေးလုံးများကို ပုံမှန်အတိုင်း ဆက်သောက်ရပါမယ်။

• (၂) ရက်ထက်ပို အန်တာ ဝမ်းလျှောတာ ဆက်ဖြစ်နေရင်တော့ အပေါ်မှာ ပြောပြထားတဲ့ ဆေးလုံး (၃) လုံးထက်ပို ပြီးတော့ သောက်ဖို့မေ့ရင် ဆက်လုပ်ရမယ့် လမ်းညွှန်ချက်တွေကို လိုက်နာဖို့လိုပါတယ်။

ဟော်မုန်းတစ်မျိုးတည်းပါသော သန္ဓေတားဆေး (POP) သောက်နေတဲ့သူဆိုရင်ရော ဆေးသောက်ဖို့မေ့ရင် ဘယ်လိုလုပ်မလဲ။

ဟော်မုန်းတစ်မျိုးတည်းပါသော သန္ဓေတားဆေး (POP) သောက်နေတဲ့

အမျိုးသမီးတွေဆိုရင် အဓိကမှာချင်တာက

  • ဆေးသောက်တာပိုအချိန်တိကျဖို့လို ပါတယ်။ တစ်နေ့ကို အချိန်တစ်ခုသတ်မှတ်ပြီး နေ့တိုင်း အဲ့ဒီ အချိန်ကိုပဲ တိတိကျကျ သောက်ရပါမယ်။ အချိန် (၃)နာရီလောက်တောင် ကွာဟလို့မရပါဘူး။ ဒီနေ့ ကို မနက် (၉) နာရီ သောက်ရင် နောက်ရက်ကို မနက် (၉) နာရီ သောက်ကိုသောက်ရပါမယ်။ မေ့ပြီး နေ့လည် (၁၂) နာရီကျော်မှ သောက်မိတာနဲ့ အမျိုးသားနဲ့အတူနေတဲ့အခါကွန်ဒုံး (၂) ရက်သုံးဖို့ နဲ့ လွန်ခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံခဲ့ရင် အရေးပေါ် တားဆေး ကို သောက်ဖို့လိုပါမယ်။
  • မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးများဆိုရင် ကိုယ်ဝန်ဆောင်နိင်ချေ ရှိမရှိဆိုတာ သည် ရာသီသွေးပြန်ပေါ်ခြင်းရှိ မရှိပေါ်မှာ လဲမူတည်ပါတယ်။
  • လစဉ် ရာသီ ပြန်ပေါ်နေတဲ့အမျိုးသမီး ဆိုရင်တော့ ဆေးသောက်ဖို့နောက်ကျတာ မေ့တာရှိရင် ဘယ်နှစ်လုံးသောက်ဖို့မေ့တာလဲ အမျိုးသားနဲ့ အတူနေရင်ကွန်ဒုံးသုံးရမှာလား အရေးပေါ်တားဆေးလိုမှာလား စတာတွေ ကို အပေါ်ကပြောထားတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့လိုပါတယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!